မလေးရှား လဝက အရာရှိ ၁၅ဉီး အလုပ်ထုတ်ခံရ

ဓာတ်ပုံ မူပိုင် Getty
Image caption မလေးရှား လေဆိပ်မှာ ကွန်ပြူတာတွေ ပျက်အောင် လုပ်ပြီး ခရီးသွားတချို့ကို အစစ်အဆေး မရှိ ဝင်လာနိုင်အောင် လဝက အရာရှိတွေက လုပ်ခဲ့တယ်လို့ ဆို

မလေးရှားနိုင်ငံမှာ ဂိုဏ်းဖွဲ့ ကျူးလွန်တဲ့ရာဇဝတ်မှုမှာ ပါဝင်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ လူဝင်မှု ကြီးကြပ်ရေး အရာရှိ ၁၅ဉီးကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး အဲဒီဂိုဏ်းမှာ ပါဝင်ပတ်သက်ဘွယ် ရှိသူ ပုဂ္ဂိုလ် ရာပေါင်းများစွာကို အခုအခါ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီ ဖြစ်ပါတယ်။

အဲဒီလူတွေဟာ ကွန်ပြူတာနဲ့ လူဝင်မှု ကြီးကြပ်စစ်ဆေးတဲ့ စနစ်တွေကို ၂နှစ်ကြာလောက် အသုံးချပြီး မလေးရှားနိုင်ငံထဲ ခရီးသွားတချို့ အစစ်အဆေးမရှိ ဝင်လာနိုင်အောင် လုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။

မလေးရှား လေဆိပ်မှာ ကွန်ပြူတာတွေ မှန်မှန် ပျက်ခဲ့တာဟာ လေကြောင်းခရီးစဉ် တချို့ ဆိုက်ကပ်လာတဲ့ အချိန်တွေနဲ့ အချိန်ကိုက်ပြီး လုပ်ခဲ့ပုံ ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

နိုင်ငံတကာမှာ ရှိတဲ့ ရာဇဝတ် သမားတွေရဲ့ နောက်ခံ သမိုင်းကြောင်းတွေကို စစ်ဆေးနိုင်တဲ့ နိုင်ငံကူးလက်မှတ် စစ်ဆေးရေး စနစ်ကို ရှောင်ရှားနိုင်ဖို့ လူမှောင်ခိုဂိုဏ်းတွေ ဒါမှမဟုတ် အကြမ်းဖက် အုပ်စုတွေက ငွေပေး လာဘ်ထိုးခဲ့ကြပုံ ရတယ်လို့ သိရပါတယ်။