ထရမ့်ကို သမ္မတ မဖြစ်ထိုက်လို့ မစ္စစ်ကလင်တန် တိုက်ခိုက်

  • 3 ဇွန် 2016
ဟီလရီက လင်တန်နဲ့ ထရမ့် ဓာတ်ပုံ မူပိုင် EPA AFP
Image caption ဟီလရီက လင်တန်နဲ့ ထရမ့်

ဟီလရီ ကလင်တန်ဟာ ဒီမိုကရက် ပါတီသမ္မတလောင်း အဖြစ်အရွေး မခံရသေးပေမယ့် အခုအခါ လက်တလှမ်း အကွာမှာ ရောက်ရှိနေပြီး ဒေါ်နယ်ထရမ့်ကို အခုပို အာရုံစိုက် လာပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကလင်တန်က အိမ်ခြံ မြေသူဌေးကြီးကို အမေရိကန်နိုင်ငံရဲ့ နျူကလီးယား လက်နက်ယုံကြည်စွာ မအပ်နှံသင့်ဘူးလို့ ကာလီဖိုးနီးယားပြည်နယ် ဆန်ဒီယေးဂိုးမြို့ မိန့်ခွန်းထဲမှာ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။

ဗဟုသုတ တည်ငြိမ်မှုနဲ့ အကြီးအကျယ် တာဝန်ခံမှုတွေလိုအပ်တဲ့ သမ္မတ တာဝန်အတွက် သူ့ရဲ့စိတ်မျိုးနဲ့ မသင့်တော်ပါဘူး။ထရမ့်ကို နျူးကလီးယား လက်နက်ရဲ့ လျှို့ဝှက်ခလုတ်ကိုလည်း မပေးသင့်ပါဘူး။ သူဟာ ဝေဖန်ပြောဆိုတာကို ဆတ်ဆတ်ထိ မခံနိုင်တဲ့အတွက် နျူကလီးယား စစ်ပွဲတောင် ဖြစ်သွားမလားဆိုတာ စဉ်းစားစရာပဲလို့ ကလင်တန်က ထရမ့်ကို ဝေဖန်တိုက်ခိုက်သွားပါတယ်။ နောက်တခါ ထရမ့်သမ္မတဖြစ်ရင် အိုင်အက် အစ္စလမ်မစ်နိုင်ငံ အဖွဲ့တွေပို အတင့်ရဲ လာနိုင်သလို ရုရှား အစိုးကလည်း အောင်ပွဲခံစရာ ဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။ တနည်းအားဖြင့် သူ့ကိုရွေးရင် ရာဇဝင်အမှား ဖြစ်လာနိုင်တယ်လို့ ထောက်ပြသွားပါတယ်။

ဒါဟာ အလွန်ပြင်းထန်တဲ့ လှောင်ပြောင် တိုက်ခိုက်မှုမျိုး ဖြစ်ပြီး လာမယ့်ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ဒီလိုလေသံမျိုးတွေ ဆက်ကြားရမယ့် သဘောဖြစ်ပါတယ်။ မစ္စတာ ထရမ့်ကလည်း အပြန်အလှန်အားဖြင့် ကလင်တန်လို ဉာဏ်များသူကို ယုံကြည် လောက်စရာ မရှိတော့ဘူး။ အမေရိကန် လူမျိုးတွေဟာ လာမယ့် ၄နှစ်မှာ လုပ်ရည် ကိုင်ရည်ညံ့ဖျင်းတာမျိုးလက်ခံမှာ မဟုတ်ဘူးလို့ပြန်လည် တိုက်ခိုက်သွားကြောင်း ဘီဘီစီသတင်းထောက် James Cook ရဲ့သတင်းလွှာထဲမှာဖေါ်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ