ဂျပန် ကလေးပျောက် ပြန်တွေ့ပြီ

  • 3 ဇွန် 2016
japan ဓာတ်ပုံ မူပိုင် AP
Image caption ၆ ရက်ကြာ တောနင်း ရှာခဲ့ရ

ဂျပန် မြောက်ပိုင်းက တောတောင်ထူထပ်တဲ့ဒေသမှာ မိဘတွေ စွန့်ပစ်ခံခဲ့ရတဲ့ ၇ နှစ်သား ကလေးငယ် ယာမာတို တာနူကာ ကို စစ်တပ်နဲ့ တောနင်း ရှာပြီးနောက် ၆ ရက်အကြာမှာ ပြန်တွေ့ခဲ့ပြီ ဖြစ်ပါတယ်။

ကျောက်တုံးတွေနဲ့ ပစ်ပေါက်ခဲ့လို့ ဆိုပြီး မိဘတွေက သူ့ကို အပြစ်ပေးတဲ့ အနေနဲ့ လမ်းဘေး တနေရာမှာ စွန့်ပစ်ခဲ့တာပါ။

အဲဒီနေရာက ၂ မိုင်ခွဲ လောက် ဝေးတဲ့ စစ်တပ် လေ့ကျင့်ရေး စခန်းထဲမှာ သူ့ကို ပြန်တွေ့တာ ဖြစ်ပါတယ်။

ကလေးငယ်ဟာ ချမ်းပြီး ဆာလောင်နေတာက လွဲလို့ ကျန်တာ အကုန် ကောင်းတယ်လို့ သိရပါတယ်။

သူ တောထဲ လျှောက်လာပြီးနောက် ခိုလှုံစရာ တဲတခု တွေ့လို့ ဝင်နေနေတာလို့လည်း ယာမာတိုက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဖခင်က သားကို တောင်းပန်ခဲ့ရ
ဖိုးကံကောင်း

အသက် ၇ နှစ်အရွယ် ယာမာတို တာနူကာ ကို အသက်ရှင်လျက် ပြန်တွေ့ရတာဟာ သိပ်ကံကောင်းလို့ပါ။

စစ်ရေးလေ့ကျင့် နေတဲ့ စစ်သားသုံးယောက် အစည်းဝေးလုပ်ဖို့ တဲတခုဆီကို သွားတဲ့အခါမှာ ကလေးကို ပြန်တွေ့ခဲ့တာပါ။ မွေ့ရာတခု ပေါ် မှာ ခွေခွေလေး အိပ်နေတဲ့ ကလေးက သူဟာ ယာမာကို တာနူကာ ဖြစ်တယ် ဆိုတာကိုပြောခဲ့ပါတယ်။

သူကဗိုက်ဆာတယ်လို့ ပြောတော့ စစ်သားတွေက ထမင်းဆုပ်တွေ ကျွေးခဲ့ပါတယ်။ ခြောက်ရက်လုံး သူဘာမှမစားခဲ့ရပါဘူး။

အနီးအနားမှာ ရေတော့ ရနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ် အနည်းငယ် ခမ်းခြောက် နေတဲ့သူ့ကို ဆေးရုံကို ခေါ်သွားခဲ့ပါတယ်။ သူ့ကျန်း မာရေး ကတော့ ကောင်းနေဆဲပါ။ ခုတော့ သူ့မိဘတွေနဲ့ ပြန်ဆုံနိုင်ခဲ့ပါပြီ။ သူ့မိဘတွေက ကလေးကိုရော၊ လူထုကိုပါ တောင်း ပန်ခဲ့ပါတယ်။

ကျွန်တော့်ရဲ့အလွန်အကျွံ ပြုမူမှုကြောင့် ကျွန်တော့်သားကို ဒီလောက်နာကျင်မှု ဖြစ်စေခဲ့ရတာပါ။ ဒီအတွက် သူ့ကို လိုက်ရှာပေးတဲ့ သူတွေကိုရော၊ သားရဲ့ ကျောင်းကိုရော အနူးအညွတ် တောင်းပန်ပါတယ်လို့ ယာမာကို တာနူကာ ရဲ့ဖခင် တာကာယူကီ တာနူကာက ပြောခဲ့ပါတယ်။ သူက ကလေးကို အပြစ်ပေးတဲ့အနေနဲ့ ကားပေါ်က ဆင်းခိုင်း ခဲ့တယ် ဆိုတာကို ပထမတော့ ဝန်မခံခဲ့ပါဘူး။ ဒါကလည်း ပတ်ဝန်းကျင်က သူ့ကိုဘယ်လိုမြင်မလဲ ဆိုတာကို စိုးရိမ်လို့ ဆိုပြီး ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Kyodo via Reuters
Image caption ကလေး ပြန်တွေ့လို့ လူတွေက ဝမ်းသာနေကြ
ထောက်ခံသူ မရှိ

အခုအချိန် မှာတော့ သူ့ဘက်က ထောက်ခံတဲ့သူရယ်လို့ မရှိပါဘူး။ နာမည်ကြီး ရုပ်သံ တင်ဆက်သူလည်း ဖြစ် သင်ကြားရေး ကျွမ်းကျင်သူလည်း ဖြစ်တဲ့ နာကိုယီ အိုဂီ ကဆိုရင် ဒါဟာ ကလေးကို ဂရုမစိုက်တာ၊ မလုပ်သင့်တာကို လုပ်တာ ဆိုပြီး တာကာယူကီကို လုံးဝရှုတ်ချခဲ့ပါတယ်။

ဒါပေမဲ့ သူ့ကိုစာနာတဲ့ အပြောမျိုးတွေ ကိုလည်း ကြားရပါတယ်။ ကလေးတယောက်ကို မွေးရပျိုးထောင်ရတာ လွယ်တဲ့အလုပ်မဟုတ်ဘူးလို့ လူမှုဆက်သွယ်ရေး ကွန်ရက်တွေ၊ ရုပ်သံ ဆွေးနွေးခန်း အစီအစဉ်တွေ မှာ ပြောနေတာ ကြားရပါတယ်။

သိပ်ဆိုးနေတဲ့ ကလေးတယောက် ကို ဒီလောက်ဆိုးနေရင် ရှေ့ဆက် မလိုက်ခဲ့နဲ့တော့၊ ဒီနေရာမှာဘဲနေခဲ့တော့လို့ ပြောတာမျိုးဟာ လုပ်ရိုးလုပ်စဉ်ပဲလို့ ဖူဂျီတီဗီရဲ့ နာမည်ကျော် မနက်ပိုင်း အစီအစဉ်တင်ဆက်သူ တိုမိုအာကီ အိုဂူရာက ပြောပါတယ်။

လူအတော်များများ ကလည်း သူတို့ငယ်ငယ် တုန်းက အိမ်ပြင်ထုတ်ပြီး တံခါးပိတ်ထားတာတို့၊ မရရအောင် ပူဆာနေရင် အရုပ်ဆိုင် ကြမ်းပြင်ပေါ်မှာ ပစ်ထားခဲ့တာ တို့၊ အမှောင်ခန်းထဲမှာ ပိတ်ထားခံရတာမျိုးတို့ လိုအတွေ့အကြုံတွေကို ပြန်ပြောပြကြပါတယ်။

ဒါပေမဲ့ ကလေးကို မျက်စေ့အောက်က အပျောက်မခံသင့်ဘူး၊ အထူးသဖြင့် ခုလို ဝက်ဝံတွေ ရှိနေတဲ့ တောထဲမှာ မထားခဲ့သင့်ဘူးလို့ လူတိုင်းလိုလို ပြောကြပါတယ်။

ကလေးမိဘတွေ ကတော့ ခုလိုဆုံးမရတာ ကလေး အတွက် ကောင်းဖို့ဆိုပြီး ပြော ပါတယ်။ဒီလို လုပ်တာမှားတယ် ဆိုတာကို နောက်ပိုင်းမှာ သဘောပေါက် လာတယ် လို့လည်း ပြောပါတယ်။

ယာမာကို တာနူကာ ကို ကောင်းကောင်းမွန်မွန် ပြန်တွေ့ရတဲ့အတွက် လူတွေက ဝမ်းသာနေကြပါတယ်။ အခု အဖြစ်အပျက်ကို အကြောင်းပြုပြီး ဂျပန် လူထုကြားမှာ ကလေးတွေကို ဘယ်လိုသွန်သင်ဆုံးမသင့်တယ် ဘယ်လို ဆုံးမတာက ကောင်း တယ်မကောင်းဘူး ဆိုတဲ့ ဆွေးနွေးမှု အများအပြား ဖြစ်ပေါ်စေခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ