၁၅ ကြိမ်မြောက် ရှန်ဂရီလာ ဆွေးနွေးပွဲ ကျင်းပနေ

  • 4 ဇွန် 2016
_shangrila_talk_myanmar
Image caption စကားဝိုင်းတွေကို စင်္ကာပူ နိုင်ငံ ရှန်ဂရီလာ ဟိုတယ်မှာ ဗြိတိန် အခြေစိုက် နိုင်ငံတကာ လုံခြုံရေး ဆိုင်ရာ သုခမိန် အဖွဲ့ ဖြစ်တဲ့ IISS အဖွဲ့ကနေ ကမကထ လုပ် ကျင်းပ။

စင်္ကာပူ နိုင်ငံမှာ နှစ်စဉ် ကျင်းပလာတာ ၁၅ နှစ် ရှိပြီ ဖြစ်တဲ့ လုံခြုံရေး ဆိုင်ရာ ဆွေးနွေးပွဲ ဖြစ်တဲ့ ရှန်ဂရီလာ စကားပြောပွဲ မှာ ပိုင်ဆိုင်မှု အငြင်းပွား နေကြတဲ့ တောင်တရုတ် ပင်လယ် အရေး၊ မြောက်ကိုရီးယား ပြဿနာ၊ အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ အကြောင်းနဲ့ ဆိုင်ဘာ လုံခြုံရေး ကိစ္စတွေ အဓိက လွှမ်းမိုး နေတယ် လို့ စကားဝိုင်းတွေထဲ မြန်မာပြည် ကနေ သွားရောက် ပါဝင်နေတဲ့ တကောင်း နိုင်ငံရေး လေ့လာမှု အဖွဲ့က ဆိုပါတယ်။

မြန်မာ အရေးနဲ့ ပတ်သက်လို့တော့ မြန်မာ နိုင်ငံက ထွက်ခွာခဲ့ကြတဲ့ လှေစီး ဒုက္ခသည်တွေကို ဒေသတွင်း နိုင်ငံတွေက ကယ်တင် ခဲ့ရတဲ့ အကြောင်း ဆွေးနွေး ကြတာ ရှိတယ်လို့ တကောင်း နိုင်ငံရေး လေ့လာမှု အဖွဲ့က ဦးစိုးမြင့်အောင်က ဘီဘီစီကို ပြောပါတယ်။

အခုနှစ် ရှန်ဂရီလာ အစည်းအဝေးကို ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်နဲ့ နိုင်ငံခြားရေး ဌာန မဟာဗျုဟာ နဲ့ နိုင်ငံတကာ လေ့လာရေးက အဆင့်မြင့် အရာရှိတစ်ဦးတို့ အစိုးရ ကိုယ်စားလှယ်တွေ အနေနဲ့ တက်ရောက်တာ တွေ့ရတယ် လို့ ဦးစိုးမြင့်အောင်က ဆိုပါတယ်။

လုံခြုံရေး ဆိုင်ရာ ကိစ္စ ချင်းရာတွေကို နှီးနှော ကြတဲ့ ဒီ စကားဝိုင်းတွေကို စင်္ကာပူ နိုင်ငံ ရှန်ဂရီလာ ဟိုတယ်မှာ ဗြိတိန် အခြေစိုက် နိုင်ငံတကာ လုံခြုံရေး ဆိုင်ရာ သုခမိန် အဖွဲ့ ဖြစ်တဲ့ IISS အဖွဲ့ကနေ ကမကထ လုပ် ကျင်းပပြီး အာရှ-ပစိဖိတ် ဒေသ တလွှား နိုင်ငံတွေက ကာကွယ်ရေး ဝန်ကြီး ဌာနက အဆင့်မြင့် ခေါင်းဆောင်တွေ လာရောက် ဆွေးနွေး ကြလေ့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ