အမျိုးသမီး တွေက စိတ်ဖိစီးမှု ပိုများလို့ သိပ္ပံပညာရှင်တွေပြော

  • 7 ဇွန် 2016
ဓာတ်ပုံ မူပိုင်
Image caption ကိုယ်ကာယကျန်းမာရေးကိုပါ ထိခိုက်လာနေတယ်လို့ ဆို

လူ အားလုံးက တချိန်ချိန်မှာ စိုးရိမ်မှုတွေတော့ ရှိတတ်ကြတာပဲ မဟုတ်လား။

ဒါပေမယ့် အခု သိပ္ပံပညာရှင်တွေ တွေ့ရှိတာက အဲဒီစိုးရိမ်မှုကနေ သောကဆီ ရောက်လာတာတွေ များနေတာကို တွေ့ရှိလိုက်တာပါ။

အဲဒီ သောကတွေက စိတ်ထဲမှာတင် ဖြစ်ရုံမက လူ့ရဲ့ ကိုယ်ကာယကျန်းမာရေးကိုပါ ထိခိုက်လာနေတယ်လို့ ဆိုပါတယ်။

ယူကေနိုင်ငံ ကိန်းဘရစ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ စိတ်သောက ရောက်နေတဲ့ အနေအထားတွေက လူတွေ ထင်ထားတာထက် ပိုကျယ်ကျယ်ပြန့်ပြန့်တွေ့နေရပါတယ်။

စိတ်သောက ဖြစ်တယ်ဆိုတာကတော့ စိုးရိမ်မှု၊ ကြောက်ရွံ့မှု၊ စိတ်ကျဉ်းကျပ်မှုတွေက အချိန်အတော်ကြာ ဖြစ်ပွားလာပြီးနောက် နေ့စဉ်ဘဝကို ထိခိုက်နေတာမျိုးကို ဆိုလိုတာပါ။

သောကများတဲ့အခါ သွေးပေါင်ချိန်တက်တာ၊ အော့ချင် အန်ချင်ဖြစ်တာ နဲ့ ကောင်းကောင်း အိပ်လို့မရတာတွေ ဖြစ်လာပါတယ်။

ဒီအဆင့်မှာဆိုရင်တော့ စိတ်သောကကြောင့် ရောဂါလက္ခဏာတွေ ပြလာတာ တွေ့ရပါတယ်။

အခု ကိန်းဘရစ်တက္ကသိုလ်ကနေ လေ့လာမှု ၄၈ ခု လုပ်ခဲ့ပြီးနောက် တွေ့ရှိချက်တွေထဲမှာတော့ အသက် ၃၅ နှစ်အောက် လူငယ်အမျိုးသမီးတွေက စိတ်သောကဒဏ်ကို ပိုခံစားရပြီး စိတ်သောကကြောင့် ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်နေတာ တွေ့ရပါတယ်။

အမျိုးသမီးတွေက စိတ်ခံစားမှုကို ပိုထိမ်းချုပ်ကြရပြီး ဖြစ်ပျက်ခဲ့သမျှတွေကို သူတို့စိတ်ထဲမှာပဲ ထိန်းချုပ်ထားတတ်ကြတယ်။ အထူးသဖြင့် လူငယ်တွေက လူကြီးတွေထက် ပိုဖြစ်တတ်တယ်လို့သုတေသီ အိုလီဗီယာ ရီးမ် က ပြောပါတယ်။

အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုပြီး စိတ်သောက ရောက်ကြတယ်လို့ တွေ့ရှိတာက အမျိုးသမီးတွေဟာ ဟိုမုန်းကြောင့် ဖြစ်စေ၊ စိတ်ဖိစီးမှု ဖြစ်လွယ်တာကြောင့်ဖြစ်စေ၊ ကလေးတွေကို ပိုစောက်ရှောက်ရလို့ဖြစ်စေ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

လေ့လာချက်အရ ဥရောပမှာရှိတဲ့ လူ သန်း ၆၀ ကျော်ဟာ နှစ်စဉ် စိတ်သောကကြောင့် ကျန်းမာရေး ထိခိုက်နေရကြောင်း ဖော်ပြပါတယ်။ လူ ၁၀၀ မှာ ၄ ဦးလောက်က ကျန်းမာရေးထိခိုက်လောက်အောင် စိတ်သောက ရောက်နေပါတယ်။

ဓာတ်ပုံ မူပိုင် PA
Image caption ဥရောပမှာရှိတဲ့ လူ သန်း ၆၀ ကျော်ဟာ နှစ်စဉ် စိတ်သောကကြောင့် ကျန်းမာရေး ထိခိုက်နေရကြော

ဒါပေမယ့် မြောက်အမေရိကနိုင်ငံတွေမှာတော့ အဆိုးဆုံးခံစားရပြီး လူ ၁၀၀ မှာ ၈ ဦး စိတ်သောက ရောက်ကြတာ တွေ့ရပါတယ်။ အရှေ့အာရှမှာတော့ လူ ၁၀၀ မှာ ၃ ဦးပဲ ထိခိုက်ပါတယ်။

အရင်တုန်းကတော့ သိပ္ပံပညာရှင်တွေဟာ စိတ်ကျရောဂါလိုမျိုးကိုပဲ ပိုမို အာရုံထား လေ့လာခဲ့ပြီး စိတ်သောက ရောက်တာကိုတော့ သုတေသနလုပ် လေ့လာမှု နည်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် စိတ်သောကကြောင့် လူ့အသိုင်းအဝိုင်းအတွက် ဆိုးကျိုးတွေက များနေတာကြောင့် ဒီထက်ပိုအာရုံစိုက်ကြဖို့ ပညာရှင်တွေက ထောက်ပြပါတယ်။

အထူးသဖြင့် ကျန်းမာရေးကဏ္ဍက လူတွေအနေနဲ့ လူတွေကြားမှာ စိတ်သောက ဘယ်လောက်များများဖြစ်နေတယ်၊ ဘယ်အသက်အရွယ်၊ ဘယ်လို အုပ်စုတွေက ပိုပြီး စိတ်သောက ရောက်နေကြသလဲဆိုတာ သိရှိနားလည်ဖို့ လိုနေသလို ဒီထက်ပိုပြီး လေ့လာမှုတွေ ထပ်လုပ်ဖို့ပါ ကိန်းဘရစ်တက္ကသိုလ်က ပညာရှင်တွေက သတိပေးထောက်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ