ဒေါ်နယ်ထရန့် ကို အောက်လွှတ်တော်ဥက္ကဌ ဝေဖန်

  • 7 ဇွန် 2016
trump_640x360_afpepa_no ဓာတ်ပုံ မူပိုင် AFP EPA
Image caption အောက်လွှတ်တော်ဥက္ကဌ ပေါလ်ရိုင်ယင်

ရီပတ်ဘလစ်ကန် သမ္မတ လောင်း ဖြစ်နိုင်ခြေ ရှိတဲ့ ဒေါ်နယ်ထရန့် ရဲ့ မက္ကဆီကန် နွယ်ဖွား တရားသူကြီး အပေါ် မှာ ကောက်ချက်ချမှု ဟာ လူမျိုးရေး ခွဲခြား တဲ့ သဘော သက်ရောက်တဲ့ အတွက် ရီပတ်ဘလစ်ကန် ထိပ်တန်း အရာရှိ အောက်လွှတ်တော် ဥက္ကဌ ပေါလ်ရိုင်ယင်က ရှုံ့ချလိုက်ပါတယ်။ မက္ကဆီကန် နွယ်ဖွား ဒေသန္တရ တရားသူကြီး ဂွန်ဇာလို ကူရီယဲလ် က ဒေါ်နယ်ထရန့် တည်ထောင်ထားတဲ့ တက္ကသိုလ် တခု ဟာ ခေတ်ကုန်နေပြီး အသုံးမဝင်တော့ဘူး ဆိုပြီး စွဲချက်တင် အမှုဖွင့် ထားတဲ့ အပေါ်မှာ ဒီတရားသူကြီး အနေနဲ့ တရားမျှတစွာ ဆုံးဖြတ်မှာ မဟုတ်ဘူး လို့ မစ္စတာ ထရန့် က စွပ်စွဲ လိုက်ပါတယ်။

မစ္စတာ ထရန့် ဘက်ကလည်း မက္ကစီကန်လူမျိုးတွေဟာ တရားမဝင် တဲ့ နည်းတွေ နဲ့ အမေရိကန် ဘက် ဝင်နေကြလို့ နယ်စပ်မှာ တံတိုင်း ကာရံမယ် လို့ မဲဆွယ် စည်းရုံးမှု တွေ ပြုခဲ့တာပါ။

ဒါကြောင့်မို့ အောက်လွှတ်တော် ဥက္ကဌ ပေါလ်ရိုင်ယင် က မစ္စတာ ထရန့် ကို ပြီးခဲ့တဲ့ သီတင်းပတ် က ထောက်ခံ ဖို့ သဘောတူခဲ့ပေမဲ့ မစ္စတာ ထရန့် အနေနဲ့ သူ့ရဲ့ ကောက်ချက်စကား ကို ပြန်လည်ရုပ်သိမ်း သင့်တယ် လို့ ပြောပါတယ်။

အခုလို တရားသူကြီး အပေါ်မှာ ပြောဆိုလိုက်ခြင်း ဟာ တာဝန်မဲ့ ကောက်ချက်ချလိုက် တာဖြစ်လို့ စိတ်မကောင်း တဲ့ အကြောင်း၊ လူတဦး ကို လူမျိုးရေးခွဲခြားပြီး သူလုပ်ကိုင် တဲ့ အလုပ်အပေါ် မှာ ဝေဖန် စွပ်စွဲ လိုက်ခြင်းဟာ စာအုပ်ကြီး အတိုင်းပြောရရင် လူမျိုးရေး နှိမ်ချ ခွဲခြားရာ ရောက် လို့ လုံးဝ လက်မခံနိုင်ပါဘူး လို့ ပြောတာပါ။

တရားသူကြီး ဂွန်ဇာလို ကူရီယဲလ် ရဲ့ ဆုံးဖြတ်ချက် ကို မစ္စတာထရန့် အနေနဲ့ မေးခွန်းထုတ်ပိုင်ခွင့် ရှိတဲ့ အတွက် မက္ကဆီကို နွယ်ဖွားတွေ အပေါ်မှာ သိမ်းကြုံး တိုက်ခိုက်စရာ မလိုဘူး လို့ မစ္စတာ ရိုင်ယင် က ထောက်ပြတာပါ။