စင်္ကာပူ အစိုးရရုံးတွေမှာ အင်တာနက်ပိတ်

  • 8 ဇွန် 2016
singapore ဓာတ်ပုံ မူပိုင် AFP
Image caption ခေတ်မီ ဖွံ့ဖြိုးတဲ့ စင်္ကာပူ

စင်္ကာပူ အစိုးရ ရုံး ဝန်ထမ်းတွေရဲ့ ရုံးသုံး ကွန်ပျူတာ တွေကနေ အင်တာနက် ဝင်ရောက်ခွင့်ကို နောက်နှစ် မေလက စပြီး ပိတ်ပစ်တော့မှာ ဖြစ်ပါတယ်။

ဒါဟာ အလုပ် အီးမေးလ် တွေ၊ အချက်အလက် ဖလှယ်မှုတွေ ကနေ အချက်အလက် ပေါက်ကြားမှုတွေ ဖြစ်မှာ စိုးလို့ ဖြစ်ကြောင်း စထရိတ်တိုင်း သတင်းစာ က ရေးသားပါတယ်။

စင်္ကာပူ မှာ လုံခြုံရေး ခြိမ်းခြောက်မှု အန္တရာယ်တွေလည်း မြင့်မားနေတယ်လို့ ဆိုပါတယ်။

ရုံးက သတင်းအချက်တွေကို ကိုယ်ပိုင် အီးမေးလ်တွေထဲ ထားတာတွေကိုလည်း တားမြစ်မယ်လို့ စင်္ကာပူ အာဏာပိုင် တွေက ပြောပါတယ်။

ဒီလို ပိတ်ပင်မှုကြောင့် စင်္ကာပူ နိုင်ငံသားတွေ ဘက်က အံ့အားသင့် ဝေဖန်မှုတွေ အင်တာနက်မှာ ရှိနေပါတယ်။

Image caption အင်တာနက် တိုက်ခိုက်မှု တွေ ရှိခဲ့တဲ့ စင်္ကာပူ
ဘာကြောင့် တားမြစ်

၂ဝ၁၃ တုန်းက စင်္ကာပူ ဝန်ကြီးချုပ် ရုံး ဝက်ဆိုက်ကို ဟက်ကာ အုပ်စုတစု တိုက်ခိုက်တာ လို အင်တာနက် တိုက်ခိုက်မှု တွေ ရှိခဲ့တဲ့ အတွက် ဒီလို တားမြစ်မှုတွေဟာ လုံခြုံရေး ကျိုးပေါက်မှု တခု ဖြစ်လို့လားလို့ စင်္ကာပူ နိုင်ငံသားတွေက မှန်းဆ နေကြပါတယ်။

စင်္ကာပူ အစိုးရ အနေနဲ့ အင်တာနက် လုံခြုံရေး ကို ပုံမှန် ပြန်စစ်ဆေးပြီး ပိုမို လုံခြုံတဲ့ အလုပ်ခွင်မျိုး ဖန်တီး လိုကြောင်း စင်္ကာပူ အစိုးရဘက်က ပြောပါတယ်။

ဒါဟာ စင်္ကာပူ ရုံးဝန်ထမ်းပေါင်း တသိန်းရဲ့ ကွန်ပျူတာတွေအပေါ်မှာ သက်ရောက်မှာပါ။

သူတို့ ကိုယ်ပိုင် ကွန်ပျူတာ ပစ္စည်းတွေကနေ အင်တာနက် သုံးစွဲခွင့်တော့ ရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် လုံခြုံမှု ပိုအားနည်းတဲ့ ကိုယ်ပိုင် ကွန်ပျူတာ တွေကနေ သတင်း အချက် ပေါက်ကြားမှု တွေ ပိုဖြစ်လာနိုင်တယ်လို့ တွက်ဆ နေကြပါတယ်။

အလုပ် အီးမေးလ်တွေကို ကိုယ်ပိုင် အီးမေးလ်တွေဆီ ပို့တာကို ပိတ်ပစ်မယ်လို့တော့ စင်္ကာပူ အချက်အလက် ထိန်းချုပ်မှု အရာရှိ တွေက ပြောပါတယ်။

အစိုးရ တရပ်က ဒီလို ပိတ်ပင်တာတွေ ဖြစ်လေ့ မရှိပေမယ့် ဘဏ်နဲ့ စီးပွားရေး အဖွဲ့အစည်း တချို့မှာ ဒီလို တားမြစ်တာတွေ ရှိဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ