Tel Aviv မြို့လယ်မှာ သေနတ်သမား ပစ်ခတ်

  • 8 ဇွန် 2016
_israeli_forces_640x360 ဓာတ်ပုံ မူပိုင် EPA
Image caption Tel Aviv ပစ်ခတ်မှု ကို လုံခြုံရေး တုံ့ပြန်

အစ္စရေးနိုင်ငံ Tel Aviv မြို့ ရဲ့ လူစည်ကား တဲ့ ဆာရိုးနား စျေးရုံကြီး အနီး မှာ မနေ့ က ဇွန်လ ဂ ရက်နေ့ ဒေသစံတော်ချိန် ည ကိုးနာရီခွဲ ခန့် မှာ သေနတ်သမား နှစ်ဦး ရုတ်တရက် ရောက်လာပြီး သေနတ် နဲ့ ပစ်ခတ်မှု ပြုပါတယ်။ အခင်းဖြစ်ပွားတဲ့ နေရာ ဟာ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာန အပြင် အရေးပါ တဲ့ စစ်ဌာနချုပ် အနီးလည်း ဖြစ်ပါတယ်။

ပစ်ခတ်မှု သတင်း ကြားကြားချင်း မှာ ပဲ ဆေးဝန်ထမ်း အဖွဲ့ ချက်ချင်း ရောက်လာပြီး မြို့လယ် မှာ ပစ်ခတ်မှု ဆိုတာ နဲ့ သူနာတင် ယာဉ် တွေဟာ ဆေးဝန်ထမ်းတွေ ၊ ဆရာဝန်တွေ တင်ပြီး အမြန် မောင်းချ သွားပါတယ်။ အခင်းဖြစ်ပွား တဲ့ နေရာ မှာတင် ဒဏ်ရာ ပြင်းထန်တဲ့ လူနာ ဆယ်ဦး ကို ကုသမှု ပြုပေးကြ ပါတယ်။ တချို့ က ဒဏ်ရာ ပြင်းထန် ပါတယ် လို့ ဆေးဝန်ထမ်း အဖွဲ့ဝင် တဦး က ရှင်းပြပါတယ်။

အစ္စရေး လုံခြုံရေး အဖွဲ့ ကလည်း ပြန်လှန် ပစ်ခတ်တဲ့ အတွက် သေနတ်သမား နှစ်ဦး ကို ဖမ်းမိရာမှာ တဦး က ဒဏ်ရာ ပြင်းထန် လို့ ဆေးရုံ ပို့လိုက်ပါတယ်။

ရဲ အဖွဲ့ ရဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောကြားချက် အရ ဒီသေနတ်သမားတွေ ဟာ အသက်၂၀ ဝန်းကျင် ပါလက်စတိုင်း လူငယ်တွေ ဖြစ်ပြီး ဟက်ဗရွန်မြို့ အနီး ရှိ ယက်တာ ရွာသားတွေ ဖြစ်ကြောင်း ပြောပါတယ်။

သူတို့ လက်ချက်နဲ့ ဒဏ်ရာ ရသူ အနည်းဆုံး တဆယ့်သုံးဦး အနက် လေးဦး ဟာ ဒဏ်ရာ ပြင်းထန် လို့ သေဆုံးကြောင်း လည်း ရဲ က ပြောပါတယ်။

အခု လို မြို့လယ်ခေါင် ပစ်ခတ်မှု ဖြစ်ပွားတာ တွေ ဟာ မနှစ် က စလို့ တိုးလာခဲ့ ပေမဲ့ ပြီးခဲ့တဲ့ လပိုင်း အတွင်း မှာ လျော့ပါးသွားတဲ့ အကြောင်း လည်း သိရ ပါတယ်။