မိုဟာမက်အလီ စျာပန ဇာတိမြို့မှာ ကျင်းပပြီးစီး

  • 10 ဇွန် 2016
muhammad_ali_
Image caption စျာပန ကားတန်းဟာ သူ မွေးဖွား ကြီးပြင်း ခဲ့ရာ လူဝီဗေးလ် မြို့ထဲ နောက်ဆုံး နှုတ်ဆက်တဲ့ အနေနဲ့ လှည့်လည်။

ကွယ်လွန်သူ ဂန္ထဝင် လက်ဝှေ့သမားကြီး မိုဟာမက် အလီ ဖြတ်သန်းခဲ့တဲ့ ဘဝကို သတိတရ ဂုဏ်ပြု တဲ့ အနေနဲ့ ဘာသာပေါင်းစုံ အခမ်းအနားကို ကင်တပ်ကီ ပြည်နယ်က သူ့ရဲ့ ဇာတိမြို့ လူဝီဗေးလ်မှာ ရှိတဲ့ အားကစားကွင်းထဲ ဇွန်လ ၁၀ရက် သောကြာနေ့က ကျင်းပ ခဲ့ပါတယ်။

အဲဒီ့ပွဲ မတိုင်ခင် အစောပိုင်းတုန်းကတော့ မိုဟာမက် အလီရဲ့ ရုပ်အလောင်း သယ်ဆောင်ထားတဲ့ စျာပန ကားတန်းဟာ သူ မွေးဖွား ကြီးပြင်း ခဲ့ရာ လူဝီဗေးလ် မြို့ထဲ နောက်ဆုံး နှုတ်ဆက်တဲ့ အနေနဲ့ လှည့်လည် ခဲ့ပြီးတဲ့နောက်၊ သင်္ချိုင်းမှာ နောက်ဆုံး မြေချချိန်မှာတော့ မိသားစုဝင်တွေ၊ မိတ်ဆွေရင်းတွေနဲ့ပဲ သီးသီးသန့်သန့် ပြုလုပ်ခဲ့ပါတယ်။

စျာပန အခမ်းအနားမှာ ခေါင်းတလားကို ထမ်းကြသူတွေထဲ မိုဟာမက်အလီ အထ္ထုပတ္တိ ရုပ်ရှင်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ ဝီလ်စမစ်သ်နဲ့ ကမ္ဘာ့ ဟဲဗီးဝိတ် လက်ဝှေ့ ချန်ပီယံ ဟောင်းတွေ ဖြစ်တဲ့ မိုက်တိုင်ဆန်နဲ့ လင်းနော့စ် လူးဝစ်တို့ ပါဝင်ပါတယ်။

ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနားမှာတော့ အစ္စလာမ် ဘာသာရေး ကိုရ်အန် ကျမ်းစာ ရွတ်ဖတ် သရဇ္စျယ်ကာ စတင် ခဲ့ကြပြီး အမှတ်တရ အောက်မေ့ စကားပြောကြ သူတွေထဲ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ ဟောလိဝုဒ် သရုက်ဆောင် ဘီလီ ခရစ္စတယ် တို့ ပါဝင်ပါတယ်။

အဲဒီ့ အခမ်းအနားမှာ ဟဲဗီးဝိတ် ချန်ပီယံ ၃ ကြိမ် ဖြစ်ဖူးတဲ့ မိုဟာမက် အလီရဲ့ အားကစား လောကမှာ အောင်မြင် ခဲ့မှုတွေ အပေါ်မှာ သာမက လူမှု အသိုင်းအဝိုင်းထဲ သူ ရပ်တည် စွမ်းဆောင်ခဲ့မှုတွေ ကိုပါ ပြန်ပြောင်း ပြောကြရင်း ဂုဏ်ပြု ခဲ့ကြတာ ဖြစ်ပါတယ်။

မိုဟာမက်အလီဟာ ပါကင်ဆန် ရောဂါကို နှစ်ရှည်လများ ခံစားခဲ့ရရင်း ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ အသက် ၇၄ နှစ် အရွယ်မှာ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ