သက်တော် ၉၀ပြည့် ဗြိတိသျှ ဘုရင်မကြီး

  • 10 ဇွန် 2016
Queen at 90
Image caption စိန်ပေါလ်ဘုရားကျောင်းကို ရောက်လာတဲ့ ဘုရင်မကြီး

ဗြိတိသျှဘုရင်မကြီး အဲလိဇဘက်ရဲ့ သက်တော် ၉၀ ပြည့် အထိမ်းအမှတ် ဆုတောင်းပွဲအခမ်းအနားကို လန်ဒန်မြို့က စိန့်ပေါလ်ဘုရားကျောင်းကြီးမှာ ကျင်းပခဲ့ပါတယ်။

ဘုရင်မကြီး အသက် ၉၀ ပြည့်ခဲ့တာ ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ ကပါ။ အထိမ်းအမှတ် အခမ်းအနားတွေကိုတော့ ကြင်ယာတော်ဖိလစ် မင်းသားကြီး အသက် ၉၅ နှစ်ပြည့်တဲ့ ဇွန်လ ၁၀ ရက်နေ့ကစလို့ သုံးရက်တိုင် ကျင်းပမှာ ဖြစ်ပါတယ်။

စိန်ပေါလ်ဘုရားကျောင်းမှာ ပြုလုပ်ခဲ့တဲ့ ကျေးဇူးတော်ချီးမွမ်းခြင်းပွဲကို တော်ဝင်မိသားစုတွေ စုံစုံညီညီတက်ရောက်ခဲ့ကြပါတယ်။

ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက သမ္မာကျမ်းစာထဲက စာပိုဒ်တချို့ကို ဖတ်ကြားခဲ့ပါတယ်။

အဝါရောင်ဝတ်စုံနဲ့ ဘုရားကျောင်းကို ရောက်ရှိလာတဲ့ ဘုရင်မကြီးကို စောင့်ဆိုင်းနေတဲ့ ပရိသတ်ကြီးက ကြိုဆိုနှုတ်ဆက်ကြပါတယ်။

ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားကို ဘုရင်မကြီးကို နိုင်ငံဥသျှောင်အဖြစ် သတ်မှတ်ထားတဲ့ ဗြိတိသျှ ဓနသဟာယနိုင်ငံတွေက အကြီးအကဲတွေလည်း တက်ရောက်လာခဲ့ပါတယ်။

ဇွန်လ ၁၁ ရက် စနေနေ့မှာတော့ ဘုရင်မကြီးကို ဘတ်ကင်ဟန်နန်းတော်မှာ တော်ဝင်မြင်းတပ်က ချီတက်လှည့်လည်ဂုဏ်ပြုမှာ ဖြစ်ပြီး အစဉ်အလာအတိုင်း တော်ဝင်မိသားစုတွေက နန်းတော် လေသာဆောင်ထွက်ရပ်နေတုန်း လေတပ်မတော်ကလည်း ပျံဝဲ ဂုဏ်ပြုမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် ANNIE LEIBOVITZ
Image caption ဓာတ်ပုံဆရာမ Annie Leibovitz ရိုက်ပေးတဲ့ ဘုရင်မကြီး သက်တော် ၉၀ ပြည့် အထိမ်းအမှတ် ဓာတ်ပုံ