ကယ်ဆယ်ရေး ယာဉ်တန်း ဝင်သွားတဲ့ ဒေသကို ဆီးရီးယား အစိုးရ ဗုံးကြဲ

  • 10 ဇွန် 2016
syria_darayya_aid
Image caption အထောက် အပံ့ပစ္စည်းတွေ ဖြန့်ဝေ နိုင်ရေး အတွက် အတားအဆီး ဖြစ်ခဲ့ ရ။

ဆီးရီးယား နိုင်ငံမှာ သူပုန်တွေ ထိန်းချူပ်ထားရာ ဒါရဲယား မြို့ကို အစိုးရက ရဟတ်ယာဉ်တွေ သုံးပြီး ဗုံးအလုံး ၃ဝ နီးပါး ကြဲချ ခဲ့တယ်ဆိုတဲ့ သတင်းတွေ ရရှိ ထားပါတယ်။

အဲဒီ့ ဒေသကို ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာ ယာဉ်တန်း ဝင်ခွင့် ၄ နှစ် အတွင်း ပထမဆုံး အကြိမ် ဝင်ရောက်ခွင့် ဆီးရီးယား အစိုးရက ပေးခဲ့ပြီး နာရီ အတန်ငယ် အကြာမှာပဲ အခုလို ဗုံးကြဲ တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ့လို လေကြောင်း တိုက်ခိုက် မှုတွေကြောင့် ဒါရဲယားမှာ အရေးတကြီး လိုအပ်နေတဲ့ အထောက် အပံ့ပစ္စည်းတွေ ဖြန့်ဝေ နိုင်ရေး အတွက် အတားအဆီး ဖြစ်ခဲ့ ရပြန်တယ်လို့ သတင်းတွေက ဆိုပါတယ်။

တခါ၊ ဆီဒရီးယား နိုင်ငံထဲ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS လက်နက်ကိုင်တွေ အဓိက ခြေကုပ်ယူ ထားရာ ရက်ခါ မြို့ ရှိတဲ့ မြောက်ပိုင်း ဒေသထဲ အစိုးရတပ်တွေ ပိုပြီး ထိုးဖောက် နိုင်ခဲ့တယ်လို့ သိရပါတယ်။

IS တွေ ထိန်းချုပ် ထားရာ တက်ဘ်ခါ မြို့ တောင်ဘက်က လမ်းဆုံကို ရုရှတို့ရဲ့ လေကြောင်း ပစ်ကူနဲ့ အတူ ဆီးရီးယား အစိုးရ တပ်ဖွဲ့ဝင်တွေ သိမ်းပိုက် လိုက်နိုင်တယ် ဆိုပြီး ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့က ဆိုပါတယ်။

အဲဒီ့ နေရာဟာ ရက်ခါ မြို့နဲ့ဆို မိုင် ၃၀ ကျော် သာ ဝေးပြီး မဟာဗျူဟာမြောက် အရေးပါတဲ့ လေယာဉ်ကွင်း ရှိတဲ့ နေရာ ဖြစ်တယ်လို့ ပြောပါတယ်။

အစောပိုင်းတုန်းကလည်း၊ အလက်ပ်ပို နယ်ထဲ IS တွေ ထိန်းချုပ် ထားရာ မဲန်း ဘစ်ဂျ် မြို့ကို မြောက်ပိုင်း က ကာ့ဒ်မျိုးနွယ်စုနဲ့ အာရပ် မျိုးနွယ်စု လက်နက်ကိုင်တွေ စုပေါင်း အဖွဲ့က ဝိုင်းထား လိုက်ပြီလို့ သူတို့ကို ကျောထောက် နောက်ခံပြုပေး နေတဲ့ အမေရိကန်က ထုတ်ပြန်ပါတယ်။

မဲန်း ဘစ်ဂျ် မြို့ဟာ ထောက်ပံ့ရေး လမ်းကြောင်းပေါ် ကျနေတာကြောင့် အရေးပါတဲ့ မြို့ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ