တက္ကသိုလ်ဝင်တန်း ဆယ်နှစ်အတွင်း အောင်ချက် အနည်းဆုံး

  • 11 ဇွန် 2016
Image caption (၂၀၁၀) ခုနှစ်ကနေ စလို့ (၆)နှစ်ကာလတွေ နဲ့ နှိုင်းစာရင် ဒီနှစ် က အောင်ချက် အနည်းဆုံးနှစ်

၂၀၁၆ ခုနှစ် တစ်နိုင်ငံလုံးက တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေကို ဒီကနေ့ ထုတ်ပြန်ရာမှာတော့ တနိုင်ငံလုံး အောင်ချက် ရာခိုင်နှုန်း ဟာ ၂၉.၉၂ရာခိုင်နှုန်း ရှိတယ်လို့ မြန်မာနိုင်ငံ စာစစစ်အဖွဲ့ ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ဒီရလဒ်ဟာ ပြီးခဲ့တဲ့ (၂၀၁၀) ခုနှစ်ကနေ စလို့ (၆)နှစ်ကာလတွေ နဲ့ နှိုင်းစာရင် ဒီနှစ် က အောင်ချက် အနည်းဆုံးနှစ် ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ (၂၀၁၆) ခုနှစ်မှာ တနိုင်ငံလုံး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ (၆)သိန်း (၃) သောင်းကျော် ရှိပြီး အောင်မြင်သူဦးရေ (၁) သိန်း (၉) သောင်းကျော်ပဲ ရှိပါတယ်။

အောင်ချက် ရာခိုင်နှုန်း ကို တွက်ချက်ရင်လည်း ပြီးခဲ့တဲ့ (၆)နှစ်တာ ကာလအတွင်း တပြည်လုံး အောင်ချက် (၃၀)ရာခိုင်နှုန်း အထက်မှာ ရှိနေပြီး ဒီနှစ်အောင်ချက် ကတော့ ၂၉.၉၂ ရာခိုင်နှုန်းပဲ ရှိတယ်ဆိုပြီး ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အောင်ချက် ရာခိုင်နှုန်း ကျဆင်းရတာနဲ့ ပတ်သက်လို့ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းက အောင်တဲ့ ကျောင်းသားတွေရဲ့ အရည်အချင်း ကိုပဲ ကြည့်တဲ့ အဓိက အတွက် အောင်ချက် ရာခိုင်နှုန်း နည်းရတာ ဖြစ်တယ်လို့ ပြောပါတယ်။

တက္ကသိုလ်ဝင်တန်း တစ်ခု တည်းကိုပဲ အရည်အချင်း မြင့်အောင် လုပ်လို့ မရပဲ အခြေခံ အဆင့်မှာပါ အရည်အချင်း တိုးတက် အောင် လုပ်ရမယ်လို့လည်း ပြောပါတယ်။

ကျောင်းသား ကျောင်းသူတွေရဲ့ အရည်အချင်းပိုင်းကို အောက်ခြေအဆင့်ကနေ မြှင့်တင်ဖို့ လုပ်နေတယ်လို့ ပညာရေး ဌာန အမြဲတန်းအတွင်းဝန် ဒေါက်တာစိုးဝင်းက ပြောပေမယ့် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးကွန်ရက်က ဒေါက်တာ သိန်းလွင်ကတော့ ပညာရေး စနစ်ကို မပြင်ဘူး ဆိုရင် ကျောင်းသားတွေရဲ့ အရည်အချင်း ကို ပြည့်မီအောင် လုပ်မယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

ကျောင်းသား တွေရဲ့ စွမ်းရည် တက်လာဖို့က ကျောင်းသားတွေ အပြင်မှာ လက်တွေ့ အသုံးချ နိုင်တဲ့ ပညာရပ်ကို သင်ပေးရမှာ ဖြစ်ပြီးတော့ အလွတ်ကျက် ပြီး စစ်ဆေး မေးမြန်း တဲ့ စနစ်ကို ပြုပြင်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

အခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းမှာတော့ အောင်ချက် အများဆုံး ကတော့ မွန်ပြည်နယ် ဖြစ်ပြီး ရန်ကုန်တိုင်းကတော့ ဒုတိယ အောင်ချက် အများဆုံး ဖြစ်ပါတယ်။

အောင်ချက်အနည်းဆုံးကတော့ ချင်းပြည်နယ်ဖြစ်ပြီး မနှစ်က အောင်ချက် ရာခိုင်နှုန်း အများဆုံးဖြစ်ခဲ့တဲ့ ဧရာဝတီတိုင်းကတော့ ဒီနှစ်မှာ အောင်ချက် ရာခိုင်နှုန်း ဒုတိယ အနည်းဆုံး ဖြစ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ