အိုလန်ဒို ပစ်ခတ်မှုဟာ အမုန်းတရား အခြေခံ အကြမ်းဖက် လုပ်ရပ်အဖြစ် အိုဘားမား ရှုတ်ချ

Image caption အမေရိကန် နိုင်ငံထဲမှာ လူသတ် လက်နက်တွေကို လွယ်လွယ်ကူကူ ရရှိနေကြောင်းသမ္မတ အိုဘားမား သတိပေး။

အမေရိကန် ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ် အိုလန်ဒို မြို့က နိုက်ကလပ် တစ်ခုမှာ လူတွေ အစုအလိုက် အပြုံလိုက် သေဆုံး စေခဲ့တဲ့ ပစ်ခတ်မှုဟာ အကြမ်းဖက် လုပ်ရပ်၊ အမုန်းတရားကို အခြေခံတဲ့ လုပ်ရပ် ဖြစ်တယ်လို့ သမ္မတ အိုဘားမားက အပြင်းအထန် ရှုတ်ချ ပြောဆို လိုက်ပါတယ်။

ဒီ ဖြစ်ရပ် အပေါ် အမေရိကန် တစ်နိုင်ငံလုံး ဝမ်းနည်း ကြေကွဲရပြီး၊ အားလုံး စုစုစည်းစည်းနဲ့ ပြည်သူတွေကို ကာကွယ် သွားမယ်လို့လည်း သမ္မတ အိုဘားမားက ဆိုပါတယ်။

အခု ဖြစ်ရပ်ကို ကြည့်ရင် အမေရိကန် နိုင်ငံထဲမှာ လူသတ် လက်နက်တွေကို ဘယ်လောက် လွယ်လွယ်ကူကူ ရရှိနေ သလဲ ဆိုတာ ထပ်မံ သတိပေး လိုက်တာပဲလို့ သမ္မတ အိုဘားမားက ထောက်ပြ ခဲ့ပါတယ်။

လိင်တူချစ်သူများ အတွက် ဖွင့်လှစ် ထားတဲ့ ပေါ့လ်စ် ဆိုတဲ့ နိုက်ကလပ်မှာ ပစ်ခတ်မှု ပေါ်ပေါက် ခဲ့တာပါ။

လောလောဆယ် သိထားရသမျှ သေဆုံး စာရင်းထဲ လူ ၅၀ ရှိနေပြီး၊ သေနတ် သမားလည်း သေဆုံး ခဲ့ပါတယ်။

သေနတ်သမားရဲ့ အမည်ဟာ အိုမာ မာတီးန်း ဖြစ်ပြီး အမေရိကန် နိုင်ငံသား တစ်ယောက် ဖြစ်တယ်လို့ အမေရိကန် မီဒီယာတွေ မှာ ဖော်ပြ နေပါတယ်။

Image caption အိုမာ မာတီးန်း ဟာ လိင်တူ ချစ်သူတွေ အပေါ် ဆန့်ကျင်တဲ့ အမြင်ကြောင့် အခုလို ကျူးလွန် ခဲ့တာ ဖြစ်နိုင်တယ်လို့ ဖခင် ဖြစ်သူက ပြော။

အိုမာ မာတီးန်း ဟာ ပစ်ခတ်မှု မကျူးလွန်ခင် အရေးပေါ် တယ်လီဖုန်းလိုင်းကို ခေါ်ဆိုပြီး သူဟာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS အပေါ် သစ္စာခံသူ တစ်ယောက် ဖြစ်ကြောင်း ပြောဆို ခဲ့တယ်လို့ လည်း အမေရိကန် သတင်း ဌာနတွေက ဆိုပါတယ်။

IS ကလည်း သူတို့ရဲ့ အဖွဲ့ဝင် တစ်ဦး အမေရိကန် ပြည်ထောင်စုထဲ တိုက်ခိုက်မှု ပြုလုပ် ခဲ့တယ်လို့ ပြောတယ်ဆိုပြီး IS နဲ့ နီးစပ်တဲ့ သတင်းဌာန တစ်ခုက ပြောပါတယ်။

ဒါပေမယ့် မာတီးန်ရဲ့ ဖခင် ဖြစ်သူ မီယာ ဆဒိခ် ကတော့ သူ့သား ဖြစ်သူဟာ ဘာသာရေး ယုံကြည်ချက် ကြောင့် ထက်စာရင် လိင်တူ ချစ်သူတွေ အပေါ် ဆန့်ကျင်တဲ့ အမြင်ကြောင့် အခုလို ကျူးလွန် ခဲ့တာလို့ ယူဆကြောင်း ပြောနေပါတယ်။

သူ့သားရဲ့ လုပ်ရပ် အတွက် သူတို့ တမိသားစုလုံး ကိုယ်စား တောင်းပန်ကြောင်း မစ္စတာ ဆဒိခ်က ဆိုခဲ့ သလို၊ သူ ကိုယ်တိုင်လည်း ကျန် အမေရိကန် ပြည်သူတွေ လိုပဲ အခု ဖြစ်ရပ် အပေါ် တုန်လှုပ် နေတယ်ဆိုပြီး ပြောပါတယ်။

ပုရဟန်းမင်းကြီး ဖရန်စစ် အနေနဲ့ ဒီတိုက်ခိုက် မှု ကြောင့် အင်မတန် ခြောက်ခြား သွားရတယ်လို့ ဗာတီကန် နန်းတော်က ထုတ်ပြန် ခဲ့ပြီး ပစ်ခတ်မှု အပေါ် ရှုတ်ချ ပြောဆို ခဲ့ပါတယ်။

ပြင်သစ် သမ္မတ ဖရန်ဆွာ အိုလော်န့်က လည်း အခုလို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အပေါ် ပြစ်တင် ပြောဆို ခဲ့သလို အီတလီ ဝန်ကြီးချုက် မက်တီအို ရန်ဇီကလည်း သူ့ရဲ့ တွစ်တာ လူမှု ကွန်ရက် စာမျက်နှာ မှာ အမေရိကန် ညီနောင်များနဲ့ ထပ်တူ ခံစားရတယ် ဆိုပြီး ရေးသား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ