အိုလန်ဒို ပစ်ခတ်မှု နောက်ကွယ် ပြည်ပ အဖွဲ့အစည်း မရှိဘူးလို့ အိုဘားမားပြော

  • 13 ဇွန် 2016
obama_orlando_shooting
Image caption အိုလန်ဒို တိုက်ခိုက်မှုဟာ ပြည်တွင်းဖြစ် အကြမ်းဖက်ဝါဒ အနေနဲ့ သမ္မတ အိုဘားမားက သတ်မှတ် ပြောဆို။

အမေရိကန် ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ် အိုလန်ဒို မြို့မှာ လူတွေ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရတဲ့ ပစ်ခတ်မှုကို ကျူးလွန်သူ အိုမာ မာတင်းရဲ့ နောက်မှာ အဖွဲ့အစည်း တစ်ခုခုက ကြိုးကိုင်ကြောင်း ပြသတဲ့ ဘယ်လို အထောက် အထားမျိုးမှ ရှိ မနေဘူးလို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ဒီ တိုက်ခိုက်မှုဟာ ပြည်တွင်းဖြစ် အကြမ်းဖက်ဝါဒ အနေနဲ့ သမ္မတ အိုဘားမားက သတ်မှတ် ပြောဆို လိုက်တာ ဖြစ်ပါတယ်။

အိုမာ မာတင်းဟာ အင်တာနက်က တဆင့် အကြမ်းဖက်ဝါဒထဲ အသိမ်းသွင်းခံ ခဲ့ရတာကို အတော်လေး ခိုင်ခိုင်မာမာ တွေ့နေ ရတယ်လို့ အမေရိကန် ထောက်လှမ်းရေး အဖွဲ့ FBI ရဲ့ ညွှန်ကြားရေးမှုး ဂျိမ်းစ်ကိုမီက ပြောပါတယ်။

အိုမာ မာတင်းဟာ သူတိုက်ခိုက် ခဲ့တဲ့ အိုလန်ဒို မြို့ လိင်တူချစ်သူတွေရဲ့ နိုက်ကလပ် ကနေ ဖုန်း ၃ ကြိမ် ခေါ်ဆို ခဲ့တာမှာ အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ နဲ့ ဆီးရီးယားထဲက နောက် အပြိုင် အဖွဲ့တစ်ခု ဖြစ်တဲ့ အယ်လ်နူစရာ တပ်ဦး အဖွဲ့တို့ကို ထောက်ခံကြောင်း ပြောဆိုခဲ့တယ်လို့ မစ္စတာ ကိုမီက ပြောပါတယ်။

Image caption သမ္မတလောင်း ဒေါ်နယ်ထရမ့်က မွတ်ဆလင်မ်တွေကို အမေရိကန် ပြည်ထောင်စုထဲ ပြည်ဝင်ခွင့် ယာယီ ပိတ်ပင်ဖို့ ထပ်မံ ဆော်ဩ လာပြန်။

အိုလန်ဒို တိုက်ခိုက်မှု ပေါ်ပေါက် ခဲ့ပြီးတဲ့နောက် ရီပတ်ဘလေကင် ပါတီရဲ့ သမ္မတလောင်း ဒေါ်နယ်ထရမ့်က မွတ်ဆလင်မ်တွေကို အမေရိကန် ပြည်ထောင်စုထဲ ပြည်ဝင်ခွင့် ယာယီ ပိတ်ပင်ဖို့ ထပ်မံ ဆော်ဩ လာပြန် ပါတယ်။

ချို့ယွင်းချက်တွေ ရှိနေတဲ့ အမေရိကန်ရဲ့ လူဝင်မှု စံနစ် က အိုလန်ဒို သေနတ်သမားရဲ့ မိသားစုကို တိုင်းပြည်ထဲ ဝင်လာခွင့် ပေးခဲ့တာ ဖြစ်တယ်လို့ မစ္စတာ ထရမ့်က နယူးဟမ်ရှားမှာ ရှိနေတုန်း ပြောခဲ့ပါတယ်။

ဒါ့အပြင် ပြိုင်ဘက် သမ္မတလောင်း ဟီလာရီ ကလင်တန်ဟာ အစွန်းရောက် အစ္စလာမ်ဝါဒ တည်ရှိမှု အပေါ် မျက်ကွယ်ပြု ငြင်းဆန်နေသူ ဖြစ်တယ်လို့လည်း မစ္စတာ ထရမ့်က စွပ်စွဲခဲ့ပါတယ်။

ဒီမိုကရက်တစ် သမ္မတလောင်း မစ္စစ် ကလင်တန် ကတော့ သူသာ သမ္မတ ဖြစ်လာခဲ့ရင် အိုလန်ဒို သေနတ်သမား လိုမျိုး သင်းကွဲ ဝံပုလွေတွေ ကျူးလွန်တဲ့ တိုက်ခိုက်မှုမျိုး နောက်ထပ် မဖြစ်ပေါ် ရလေအောင် ကြိုတင် ဖော်ထုတ်နိုင်ဖို့ ဦးစားပေး လုပ်ဆောင်မယ် လို့ ဆိုပါတယ်။

ဆီးရီးယားနဲ့ အီရတ် နိုင်ငံတွေထဲ IS အဖွဲ့ကို အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် တပ်ပေါင်းစုက တိုက်ခိုက် နေတာတွေမှာ အောင်မြင်မှု ရနေတဲ့ အတွက် IS အနေနဲ့ လက်တုံ့ပြန်မှုတွေ ပိုပြီး ပြုလုပ် လာနိုင်တယ် လို့လည်း မစ္စစ် ကလင်တန်က အိုဟိုင်အိုပြည်နယ် ကလီဗလင်မြို့ မိန့်ခွန်းထဲ ထည့်သွင်း သတိပေး ခဲ့ပါတယ်။

အကြမ်းဖက် လိုသူတွေ အနေနဲ့ သေနတ်တွေ ရရှိ နေနိုင်တဲ့ အခြေအနေကို ရပ်တန့်အောင် ပြုလုပ်ကြဖို့ မစ္စစ် ကလင်တန်က တိုက်တွန်း ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ