သမ္မတအိုဘားမား က ဒေါ်နယ်ထရမ့် ကို သတိပေး

  • 15 ဇွန် 2016
orlando_obama_
Image caption သမ္မတ အိုဘားမားက ဒေါ်နယ်ထရမ့် ကိုသတိပေး

ပြီးခဲ့တဲ့ တနင်္လာနေ့က ရီပတ်ဘလစ်ကန် ပါတီသမ္မတလောင်း ဒေါ်နယ်ထရမ့် က အမေရိကန် ပြည်ထောင်စု အပေါ်မှာ အကြမ်းဖက် ရန်လိုစိတ်ရှိတဲ့ နိုင်ငံတွေ က လူတွေ အားလုံး ကို အမေရိကန် ပြည်ထောင်စု ကို ဝင်ခွင့် မပြုနိုင်ဘူး လို့ ပြောထားခဲ့ တဲ့ အပြင်၊ အိုလန်ဒို ပစ်ခတ်မှု ကို ကြည့်ပြီး သူ့ သဘောထား ဟာ တရားနည်းလမ်းကျ သလို ပိုပြီးခိုင်မာမှု လည်း ရှိလာတဲ့ အကြောင်း ထုတ်ပြောခဲ့ပါတယ်။

ဒီစကား တွေ ကို သမ္မတ အိုဘားမားက ဇွန်လ ၁၄ ရက် မနေ့ က မထွက်စဖူး ဒေါသ နဲ့ တုံ့ပြန် လိုက်ပါတယ်။ ဒေါ်နယ်ထရမ့် ကို နာမည် နဲ့ တကွ ထုတ်ဖေါ် မပြောပေ မဲ့ မွတ်ဆလင် တွေ ကို သိမ်းကြုံး ပြီး အကြမ်းဖက်သူ တွေ အဖြစ် ပုံဖေါ် လိုက်ခြင်းဟာ အကြမ်းဖက်သမား တွေ ဘက် တွန်းပို့လိုက်သလို ဖြစ်စေနိုင်တဲ့ အကြောင်း ပြောလိုက်တာပါ။

သူလိုချင်တဲ့ အမေရိကန် ပြည်ထောင်စု ဟာ ဒီလို ပုံစံ မဟုတ် ရခြင်းက အမေရိကန် တို့ ရဲ့ ဒီမိုကရေစီ စံချိန် စံညွှန်း နဲ့ လည်း ထင်ဟပ်ခြင်း မရှိ ဘူး လို့ သမ္မတ အိုဘားမားက ပြောတာပါ။ အခုလို မွတ်ဆလင် တွေ ကို ပြည်ဝင်ခွင့် ပိတ်ပင် လိုက်တာ နဲ့ အမေရိကန်တွေ အတွက် ပိုပြီး လုံခြုံမှု ရှိမသွား စေတဲ့ အပြင် ပိုပြီးတော့ လုံခြုံမှု ကင်းမဲ့ သွားစေနိုင် တဲ့ အကြောင်း၊ နောက်ပြီး အိုင်အက်စ်တွေ ဘက်ကလည်း အနောက်နိုင်ငံ တွေ ဟာ မွတ်ဆလင် တွေ ကို မုန်းတယ် ဆိုတဲ့ ဝါဒဖြန့်မှု ဟာ ပိုပြီး ထိရောက်သွားနိုင် တယ် လို့ ဆိုပါတယ်။

ဒီအခါမှာ အမေရိကန် နိုင်ငံထဲ ရောက်ပြီးသားရယ်၊ ဒီမှာ မွေးတဲ့ အမေရိကန် မွတ်ဆလင် တွေရယ်၊ ဒိပြင်နိုင်ငံ မှာ ရောက်နေတဲ့ မွတ်ဆလင် တွေ ကပါ သူတို့ ဘယ်လို နေနေ၊ ဘာပဲ လုပ်လုပ် သံသယ အမြင်နဲ့ အတိုက်အခိုက် ခံနေရတာ ပဲ လို့ မြင်ရင် ဘယ်သူ့ အတွက်မှ မကောင်းတော့ဘူး လို့ ပြောသွားတာပါ။

ဒါ့အပြင် သမ္မတ အိုဘားမား က သူတစိုက်မတ်မတ် နှိုးဆော်တဲ့ သေနတ်လက်နက် ကိုင်ဆောင်ခွင့် တင်းကြပ်ရေး၊ အရောင်းအဝယ် ပိတ်ပင်ရေး စတာတွေ ကို ပြန်လည် အကောင်အထည် ဖေါ်မဲ့ အကြောင်း လည်း ပြောပါတယ်။

ဒါပေမဲ့ သမ္မတ အိုဘားမားဟာ ပြဿနာ တခုခု ကို ကိုင်တွယ်ရာ မှာ ပျော့ညံ့တယ်၊ နိုင်ငံ ရဲ့ စစ်ဦးစီးချုပ် ရာထူး လက်ကိုင် ထားပေမဲ့ အခုထိ အိုင်အက်စ် လက်နက်ကိုင် အဖွဲ့ ကို ပြတ်ပြတ်သားသား မနှိမ်နင်းနိုင်သေးဘူး လို့ ရီပတ်ဘလေကန် တွေ ဘက် က မြင်နေကြတဲ့ အကြောင်း လည်း ဝါရှင်တန် မှ ဘီဘီစီ သတင်းထောက် က သုံးသပ် တင်ပြ ထားပါတယ်။