ဗြိတိန် လေဘာပါတီ အမတ် Jo Cox အသတ်ခံရ

  • 17 ဇွန် 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ကမ္ဘာအနှံ့ ပရဟိတ လုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်ခဲ့သူ ဖြစ်

ဗြိတိသျှ ပါလီမန် အမတ် Jo Cox ဟာ ဇွန်လ ၁၆ ရက်နေ့ (ကြာသပတေးနေ့) နေ့လယ်က အင်္ဂလန်နိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ သူ့ရဲ့ မဲဆန္ဒနယ် အစည်းအဝေး အပြင်ဘက်မှာ သေနတ်နဲ့ပစ်ခံခဲ့ရသလို ဓါးနဲ့လည်းအထိုးခံခဲ့ရအပြီး ဒဏ်ရာ အပြင်းအထန် ရခဲ့ရာကနေ သေဆုံးသွားပါတယ်။

၁၉၉၀ ခုနှစ်တုန်းက မြောက်အိုင်ယာလန် လက်နက်ကိုင်အုပ်စုရဲ့ တိုက်ခိုက်မှုအတွင်း ကွန်ဆာဗေးတစ် အမတ် Ian Gow သေဆုံးခဲ့ပြီးကတည်းကဆိုရင် ဒါဟာ နှစ်ပေါင်း ၂၅နှစ်ကျော်အတွင်း ပါလီမန် အမတ်တဦး ပထမဆုံးအကြိမ် အသတ်ခံရတာ ဖြစ်ပါတယ်။

Jo Cox ခုလို အသတ်ခံခဲ့ရတာနဲ့ ပတ်သက်လို့ ဗြိတိသျှ နိုင်ငံရေး လောကမှာ အကြီးအကျယ် လှုပ်ခတ်သွားခဲ့ပြီး လုပ်ဖော်ကိုင်ဖက် နိုင်ငံရေး သမားတွေတင်မက ကမ္ဘာ့နိုင်ငံ အသီးသီးက ခေါင်းဆောင်တွေရဲ့ ဝမ်းနည်းတုန့်ပြန်သံတွေ ပေါ်ထွက်လာခဲ့ပါတယ်။

သူ့ကို တောက်ပတဲ့ ကြယ်တပွင့်အဖြစ် ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က ဖေါ်ညွှန်းပြောဆိုခဲ့သလို အင်္ဂလန်နိုင်ငံ မြောက်ပိုင်း Leeds မြိုနားက Birstall ရွာလေးမှာ UK ပါလီမန် အမတ် Jo Cox ပြည်သူ့တာဝန် ထမ်းဆောင်ရင်း အသတ်ခံခဲ့ရတယ် ဆိုတာကို ကြားရလို့ မိသားစုဝင်တွေနဲ့ရော ဗြိတိသျှ ပြည်သူတွေနဲ့ပါ ထပ်တူထပ်မျှ အကြီးအကျယ် တုန်လှုပ်ချောက်ချား ယူကြုံးမရ ဖြစ်မိရကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် John Kirby ကလည်း ပြောသွားပါတယ်။

သူ့ကိုယ်သူ Yorkshire သူ အဖြစ် ဂုဏ်ယူဝံ့ကြွားစွာ ပြောလေ့ ရှိသူ Jo Cox ဟာ ကမ္ဘာအနှံ့ ပရဟိတ လုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်ခဲ့သူ ဖြစ်ပြီး အတိုက်အခံ လေဘာပါတီ အမတ် အဖြစ် ပါလီမန်မှာ မနှစ်က ရွေးကောက်ခံခဲ့ရပါတယ်။

လက်လုပ်လက်စား မိသားစုကနေ မွေးဖွားလာတဲ့ Jo Cox ဟာ သူ့မိသားစုဝင်တွေထဲမှာ ပထမဆုံး တက္ကသိုလ် ပညာ ဆည်းပူးသူ ဖြစ်ပြီး ကိန်းဘရစ်ချ် တက္ကသိုလ်မှာ လူမှုရေးနဲ့ နိုင်ငံရေးဘာသာရပ်ကို လေ့လာဆည်းပူးခဲ့ပါတယ်။

ဘွဲ့ရအပြီး လေဘာပါတီ အမတ်တွေဖြစ်တဲ့ Joan Walley နဲ့ Baroness Glenys Kinnock တို့ရဲ့ အကြံပေး ပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

ပရဟိတ လုပ်ငန်းတွေ ဆောင်ရွက်စဉ်မှာ နိုင်ငံတကာလှည့်လည်သွားရောက်ခဲ့ပြီး ဒါဖိုး၊ ယူဂန်ဒါ၊ ဆီးရီးယား စတဲ့ နိုင်ငံတွေရဲ့ အခြေအနေတွေကို ကိုယ်တိုင်ကြုံတွေ့ စာနာနားလည်ခဲ့သူ ဖြစ်ပါတယ်။

မနှစ်တုန်းက ဆီးရီးယားမှာရှိတဲ့ IS အစ္စလာမစ် နိုင်ငံ လက်နက်ကိုင်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်ရေး မလုပ်ရေးနဲ့ ပတ်သက်လို့ ပါလီမန်မှာ မဲခွဲ ဆုံးဖြတ်ခဲ့စဉ်တုန်းက မဲမပေးပဲ ကြားနေ နေခဲ့သူ လေဘာအမတ် ၅ဦးထဲမှာ Mrs Cox လည်း ပါဝင်ပါတယ်။

ဆီးရီးယားနိုင်ငံဟာ သူ့စိတ်ဝင်စားတဲ့ အဓိက နိုင်ငံခြားရေး ပေါ်လစီတွေထဲက တခု ဖြစ်ပြီး ဆီးရီးယား ပါတီပေါင်းစုံ ပါလီမန် အမတ် များ မိတ်ဆွေ အုပ်စုရဲ့ ပူးတွဲ ဥက္ကဋ္ဌအဖြစ် Mrs Cox တာဝန်ယူခဲ့ပါတယ်။

Mrs Cox ဟာ EU ဥရောပ သမဂ္ဂထဲမှာ ဗြိတိန်နိုင်ငံ ဆက်နေရေးအတွက် စည်းရုံး လှုပ်ရှားနေသူတဉီး ဖြစ်ပါတယ်။

EU ဥရောပ သမဂ္ဂထဲ ဗြိတိန်နိုင်ငံ ဆက်နေသင့် မသင့် နဲ့ ပတ်သက်လို့ ဗြိတိန်နိုင်ငံမှာ လာမယ့် ဇွန်လ ၂၃ရက်နေ့မှာ ကျင်းပမယ့် လူထု ဆန္ဒခံယူပွဲ မတိုင်ခင် မဲဆွယ် စည်းရုံးနေမှုတွေကို နှစ်ဘက်စလုံးက အခုအခါယာယီ ဆိုင်းငံ့ထားလိုက်ပြီ ဖြစ်ပြီး ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်လည်း Gibraltar နိုင်ငံကို သွားဖို့ သူ့အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ