ဖလူဂျာရုံးတွေ အီရတ် အစိုးရ ပြန်သိမ်း

  • 17 ဇွန် 2016
fallujah ဓာတ်ပုံ မူပိုင် AFP

ဖလူဂျာ မြို့ အုပ်ချုပ်ရေး ကောင်စီ အဆောက်အဦကို အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ လက်ထဲ ကနေ ပြန်လည် သိမ်းယူ နိုင်ခဲ့ပြီ လို့ ဒုတိယ ဗိုလ်ချုပ်ကြီး Abdul Wahhab al-Saadi က ဘီဘီစီ ကို ပြောပါတယ်။

အကြမ်းဖက် နှိမ်နှင်ရေးနဲ့ လျှပ်တပြက် တုံ့ပြန်ရေး အထူးတပ်ဖွဲ့ဝင် တွေက စီးနင်း ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဖလူဂျာ မြို့ရဲ့ တောင်ဘက်ပိုင်းနဲ့ အရှေ့ဘက်ပိုင်း နယ်မြေ တွေ တော်တော် များများ ကိုလည်း အီရတ် အစိုးရ တပ်ဖွဲ့တွေ ပြန်လည် ရရှိ ခဲ့ပြီလို့ အစောပိုင်းက လာတဲ့ သတင်းတွေက ဆိုပါတယ်။

ဖလူဂျာ မြို့ဟာ ဘဂ္ဂဒက် မြို့တော်ရဲ့ အနောက်ဘက် မိုင် ၃၀ အကွာ လောက်မှာပဲ ရှိတာပါ။

IS တွေ လက်ထဲ ရောက်သွားခဲ့တဲ့ ဆီးရီးယားနဲ့ အီရတ် မြို့တွေ ထဲ ဖလူဂျာ မြို့ဟာ သက်တမ်း အကြာဆုံး ဖြစ်ပြီး ၂၀၁၄ နှစ်ဆန်းပိုင်း ကတည်းက IS တွေ သိမ်းပိုက် ထားခဲ့တာ ဖြစ်ပါတယ်။

အီရတ် အစိုးရတပ်ဘက်က ဖလူဂျာ မြို့သိမ်းပွဲ အကြီးအကျယ် ထိုးစစ် ဆင်လာတဲ့ အခါမှာလည်း မြို့ဟာ စစ်ဒဏ် အကြီးအကျယ် သင့်ခဲ့ရပါတယ်။

မြို့မှာ ရှိတဲ့ ပလီ ဝတ်ကျောင်းတော် ၁၀ လုံးနဲ့ လူ နေအိမ် ရာချီပြီး လက်နက်ကြီး ကျည် သင့် ခဲ့ရတယ်။ တချို့ အိမ်တွေ ထဲမှာဆို လူတွေ အများ အပြား ရှိနေ ခဲ့ကြတယ် လို့ ဖလူဂျာ မြို့ခံ တဦး က ပြောသွားပါတယ်။

အစိုးရတပ်တွေ ဟာ ဖလူဂျာ မြို့နဲ့ ပတ်ဝန်းကျင် ဒေသတွေကို လပေါင်း များစွာ ဝိုင်းရံ ပိတ် ဆို့ခဲ့ကြပြီး လွန်ခဲ့တဲ့ သီတင်း ၄ ပတ်က စလို့ မြို့ကို ပြန်လည် သိမ်းယူဖို့ ထိုးစစ် စတင် လာတာ ဖြစ်ပါတယ်။

ဖလူဂျာ မြို့ စစ်ပွဲ ကနေ လွတ်အောင် မြို့ခံ အရပ်သားတွေ ထွက်ပြေး ဖို့ ကြိုးစား ကြရင်း IS တွေ လက်ချက်နဲ့ အများအပြား သေဆုံး ခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption တိုက်ပွဲကြားက ထွက်ပြေးနေတဲ့ ဖလူဂျာ မြို့ခံတွေ
မြို့ခံတွေ ထွက်ပြေး

အစိုးရ တပ်ဘက်က ဖလူဂျာ မြို့သိမ်းပွဲ စတင် လာ ကတည်းက မြို့ခံ အရပ်သား ၄ သောင်း ၂ ထောင် ဝန်းကျင် ထွက်ပြေး ခဲ့ကြ ရတယ်လို့ ကုလသမဂ္ဂ က ထုတ်ပြန်တဲ့ ကိန်း ဂဏန်းတွေ က ဆိုပါတယ်။

ဒါပေမဲ့ နယ်စည်းမခြား ဆရာ ဝန်များ အဖွဲ့ MSF နဲ့ နော်ဝေ နိုင်ငံရဲ့ ဒုက္ခသည် ဆိုင်ရာ ကူညီ ကယ်ဆယ်ရေး အဖွဲ့ NRC က တော့ ဖလူဂျာ မြို့က ထွက် ပြေး လာနိုင်တာ ၃ သောင်း လောက်ပဲ ရှိတယ်လို့ ထုတ်ပြန် ထားပါတယ်။

ဒီကနေ့မှာတော့ မြို့တော် အုပ်ချုပ်ရေး ကောင်စီ ရုံးမှာ အီရတ် နိုင်ငံ အလံကို ပြန်လည် လွှင့် တင် နိုင်လိုက်ပြီလို့ အီရတ် အစိုးရ ရုပ်မြင် သံကြား က ပြောသွားပါတယ်။

ဒါ့အပြင် ဖလူဂျာ မြို့ ဆေးရုံကြီး ရှိရာ အရပ်ကိုလည်း အစိုးရတပ် တွေ ဝင် ရောက်သွားပြီး အခိုင်အမာ တပ်စွဲ ထားလိုက်ပြီလို့ ဆိုပါတယ်။

အခုလို ဖလူဂျာ မြို့ရဲ့ အချက်အခြာ နေရာတွေကို ပြန်လည် ရရှိ ခဲ့တာဟာ မြို့မှာ ဗဟို အစိုးရ ရဲ့ ဩဇာ အာဏာ ပြန်လည် ထူထောင် နိုင်ပြီ ဆိုတဲ့ အဓိပ္ပာယ်ပဲလို့ ရဲတပ်ဖွဲ့ အကြီးအကဲ Raed Shaker Jawdat က ပြောဆို ခဲ့တယ် ဆိုပြီး အေဂျင်စီ သတင်း တပုဒ်က ကိုးကား ရေးသား ထားပါတယ်။

အခုဆိုရင် ဖလူဂျာ မြို့ နယ်နိမိတ် ထဲမှာ IS တွေ ဘက်က တွန်းလှန် တိုက်ခိုက်မှု မဆိုစလောက်ပဲ ရှိနေတော့တယ် လို့ လည်း အီရတ် အစိုးရ စစ်တပ်ဘက်က ပြောနေပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ