ဘရာဇီး အိုလံပစ် အရေးပေါ် ငွေလိုအပ်

  • 18 ဇွန် 2016
ဓာတ်ပုံ မူပိုင် Getty
Image caption လုံခြုံရေး အစီအစဉ် တွေ နဲ့ ပို့ဆောင်ရေး အစီအစဉ်တွေ အတွက် ငွေကြေး သုံးစွဲဖို့ လိုအပ်နေ

ဘရာဇီး နိုင်ငံမှာ အိုလံပစ် ပြိုင်ပွဲတွေ လက်ခံ ကျင်းပမယ့် ရီယို ဒီ ဂျနေးရိုး မြို့ အုပ်ချုပ်ရေးမှူး က အရေးပေါ် ရန်ပုံငွေ လိုအပ်နေကြောင်း ပြောကြား လိုက်ပါတယ်။

အိုလံပစ် ပြိုင်ပွဲတွေ ကျင်းပ ဖို့ ရက်ပေါင်း ၅၀ လောက်ပဲ လိုတော့တဲ့ အချိန်မှာ အခုလို ပြောကြား ခဲ့တာ ဖြစ်ပြီး ရန်ပုံငွေ လျော့နည်း နေမှုကြောင့် အိုလံပစ် ပြိုင်ပွဲ ကျင်းပဖို့ ခက်ခဲမှာ ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဖရန်စီစကို ဒေါ်နဲလက်စ် က ပြောပါတယ်။

ပြိုင်ပွဲ ကာလ အတွင်း လုံခြုံရေး အစီအစဉ် တွေ နဲ့ ပို့ဆောင်ရေး အစီအစဉ်တွေ အတွက် ငွေကြေး သုံးစွဲဖို့ လိုအပ်နေကြောင်း သူက ပြောပါတယ်။

ဘရာဇီး ယာယီ သမ္မတ မီရှဲလ် တမီယာ ကတော့ ဒီတစ်ပတ် ထဲမှာ ရီယို မြို့ကို သွားရောက် လည်ပတ်မှာ ဖြစ်ပြီး ဗဟို အစိုးရ အနေနဲ့ လိုအပ်ချက်တွေကို အစွမ်းကုန် ဖြည့်ဆည်း ဆောင်ရွက် သွားမယ်လို့ ပြောကြား ခဲ့ပါတယ်။

အခုလို ထုတ်ဖော် ကြေညာမှု ကြောင့် ဗဟို အစိုးရ အနေနဲ့ နိုင်ငံ အရံ ငွေကြေး ကနေ ထုတ်ယူ သုံးစွဲရမှာ ဖြစ်ပါတယ်။

ဘရာဇီးမှာ စီးပွားရေး ကျဆင်း မှုနဲ့ ကြုံတွေ့နေရပြီး ရီယို အုပ်ချုပ်ရေးမှူးကတော့ ရေနံ လုပ်ငန်း ကနေ အခွန်ရရှိမှု လျော့နည်းနေတာကို ပြစ်တင် ဝေဖန် ခဲ့ပါတယ်။

ရီယို ဒီဂျနေးရိုး က အစိုးရ ဝန်ထမ်းတွေဟာ လုပ်ခ လစာ မရရှိသေးဘူးလို့လည်း သိရပါတယ်။ ဆေးရုံဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာလည်း တစ်လစာ လုပ်ခ လစာ မရရှိသေးကြောင်း ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ