ပြိုင်ပွဲဝင်ခွင့် ပိတ်တာ မတရားဘူးလို့ ရုရှ သမ္မတပြော

  • 18 ဇွန် 2016
ဓာတ်ပုံ မူပိုင် AP
Image caption IAAF ကရုရှကစားသမားတွေကိုပြိုင်ပွဲတွေမှာမပါဖို့ ပိတ်ပင်

ရုရှအားကစားသမားတွေ တားမြစ်ဆေး သုံးစွဲတာကိုတွေ့ရှိရပြီးတဲ့နောက် နိုင်ငံတကာပြေခုန်ပစ်ဖက်ဒရေးရှင်း IAAF ကရုရှပြေးခုန်ပစ်အားကစားသမားအားလုံးကို ပြိုင်ပွဲဝင်ခွင့်ဆက်လက်ပိတ်ပင်ဖို့ဆုံးဖြတ် လိုက်ပါတယ်။

ဒီဆုံးဖြတ် ချက်ကိုရုရှအစိုးရ နဲ့ရုရှအားကစားသမားတွေက မတရား ဘူး လို့ဆိုနေကြပါတယ်။

ရုရှတွေဘယ်လိုဘဲမကျေနပ်ဘူးလို့ဆိုနေပါစေ၊ အားကစားသမားတွေ တားမြစ်ဆေးသုံးစွဲမှုတိုက်ဖျက်ရေး ကမ္ဘာ့ အဖွဲ့အစည်း ရဲ့ ဗုဒ္ဓဟူးနေ့ကထွက်ပေါ်လာတဲ့ အစီရင်ခံစာအတိုင်းဆိုရင် ဒီဆုံးဖြတ်ချက်ကိုချေဖျက်ဖို့ကသိပ် လွယ်ကူမှာမဟုတ်ပါဘူး။

အားကစားသမားတွေတားမြစ်ဆေးသုံးစွဲတာကို အစိုးရကပါအားပေးနေတယ်လို့ စွပ်စွဲချက်တွေထွက်ပေါ်လာပြီးတဲ့နောက် IAAF ကရုရှကစားသမားတွေကိုပြိုင်ပွဲတွေမှာမပါဖို့ ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

ရုရှရဲ့ တုတ်ထောက်ခုန်နှစ်ထပ်ကွမ်း ချန်ပီယံ အယ်လီနာ အီစင်ဘာယီဗာက ဒီတားမြစ်မှုကြောင့် စိတ်ထိ ခိုက်ရတယ်လို့ဆိုရင်း အဲ ဒီဆုံးဖြတ်ချက်ကိုမကျေနပ်လို့တရားစွဲမယ်လို့ ပြောပါတယ်။

ပြေးခုန်ပစ်အားကစားဟာလူတဦးချင်းစီထူးချွန် အောင်ကြိုးစားရတဲ့အားကစားဖြစ်လို့ အိုလံပစ်ရွှေတံဆိပ်ရဖို့ ကိုယ်ကြိုက်တဲ့ကစားနည်းကို ကိုယ်ရွေးချယ် ရတာ ဖြစ်ပြီး တခြား ရုရှအားကစားသမားအားလုံး ရဲ့လုပ်ရပ်အတွက် သူ့မှာတာဝန် မရှိသင့်ဘူးလို့လည်း ဆိုခဲ့ပါတယ်။

IAAF ကိုတရားစွဲမှာ အီစင်ဘာယီဗာ တယောက်ထဲမကနိုင်ပါဘူး။ အခြားအားကစားသမား အတော်များများလည်းပါလိမ့်မယ်လို့ ရုရှပြေးခုန်ပစ်အားကစားသမားများ အသင်း ဥက္ကဌ ဒီမစ်ထရီ ရှယ်လ်ယာက်တင် ကဘီဘီစီရုရှသတင်းထောက် စတိဗ်ရိုဇင်ဘတ် ကိုပြောခဲ့ပါတယ်။

ဆောင်း ရာသီအားကစားပြိုင်ပွဲတခုဖြစ်တဲ့ စကိတ်စီးရင်းရိုင်ဖယ်သေနတ်ပစ်ပြိုင်ရတဲ့ biathlon အားကစားသမား ဟောင်း အလက်ဇန်းဒါး တီခိုနော့ဗ် ကလည်း ဒီဆုံးဖြတ်ချက်ဟာကမ္ဘာ့အားကစားသမိုင်းမှာ အညံ့ဖျင်းဆုံး ဆုံး ဖြတ်ချက်ဘဲလို့ဝေဖန်ပါတယ်။

ခုဆုံးဖြတ်ချက်ထွက်မလာခင်က ရုရှသမ္မတဗလာဒီမျာပူတင်က ရုရှကစားသမား တွေကိုဖယ်ကျဉ်မထားဖို့နောက်ဆုံးကြိုးပမ်းဖျောင့်ဖြမှုတခုလုပ်ခဲ့ပါသေးတယ်။ ရုရှအာဏာပိုင်တွေအနေနဲ့ အား ကစားမှာတားမြစ်ဆေးသုံးစွဲတာကိုတိတိကျကျ ဆန့်ကျင်ကြောင်းသူကပြောခဲ့ပါတယ်။

တားမြစ်ဆေးသုံးစွဲတာ ရုရှတနိုင်ငံထဲမှာတွေ့ရတဲ့ပြဿနာမဟုတ်ဘဲ တကမ္ဘာလုံးမှာတွေ့ရတာဖြစ်တဲ့အတွက် အားလုံးရဲ့စုပေါင်းတာဝန် သာဖြစ်တယ်လို့လည်းသူကပြောခဲ့ပါတယ်။

တနည်းအားဖြင့် တားမြစ်ဆေးသုံးစွဲတဲ့အားကစားသမား တွေကြောင့် သန့်ရှင်းတဲ့အားကစားသမားတွေကိုပါအပြစ်မပေးသင့်ဘူးလို့ ရုရှအစိုးရကယူဆနေတာဖြစ် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ