ဘယ်လ်ဂျီယမ် ၃ ဦးကို အကြမ်းဖက်မှုနဲ့ စွဲချက်တင်

  • 19 ဇွန် 2016
belgium arrest ဓာတ်ပုံ မူပိုင် Reuters
Image caption သောကြာနေ့ညက စီးနင်းမှုတွေ လုပ်ခဲ့

အကြမ်းဖက်မှုနဲ့ဆက်စပ်ပြီး ဝင်ရောက်စီးနင်းကာ ဖမ်းဆီးခဲ့တဲ့ ဘယ်လ်ဂျီယမ်နိုင်ငံသား ၃ ဦးကို လူသတ်ဖို့ ကြိုးစားမှုအပါအဝင် အကြမ်းဖက်မှုဆိုင်ရာ ပြစ်မှုတွေနဲ့ စွဲချက်တင်လိုက်ကြောင်း ဘယ်လ်ဂျီယမ်ရှေ့နေရုံးက ပြောပါတယ်။

စီးနင်းမှုတွေအတွင်း ဖမ်းဆီးခဲ့တဲ့ တခြား ၉ ဦးကိုတော့ လွှတ်ပေးလိုက်ပါတယ်။

အစ္စလာမ္မစ်စစ်သွေးကြွတွေဟာ ဘရပ်ဆဲလ်စ်မြို့တော်မှာရှိတဲ့ ဘောလုံးပွဲစုကြည့်ကြတဲ့နေရာတစ်ခုကို တိုက်ခိုက်ဖို့ ကြံစည်နေတယ်လို့ ဘယ်လ်ဂျီယမ်မီဒီယာတွေက အစောပိုင်းက သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

အဲဒီနေရာဟာ ပြင်သစ်မှာ ကျင်းပနေတဲ့ ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲမှာ ဘယ်လ်ဂျီယမ်နဲ့ ကစားတဲ့ပွဲတွေကို ပြသတဲ့ နေရာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ်မှာ အကြမ်းဖက်တိုက်ခိုက်ခံရနိုင်တဲ့ အန္တရာယ်ကိုတော့ ဒုတိယအမြင့်ဆုံးဖြစ်တဲ့ အဆင့် ၃ မှာ ဆက်လက်ထားရှိပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်တုန်းက အိုက်အက်စ် အစ္စလာမ္မစ် စစ်သွေးကြွ တချို့ဟာ ဆီးရီးယားကနေ ဥရောပကို ထွက်လာနေကြပြီလို့ လုံခြုံရေးအရာရှိတွေက သတိပေးထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ