UK အီးယူထဲ ဆက်နေ မနေ အခြေအတင် ငြင်းခုံပွဲ

  • 22 ဇွန် 2016
ဓာတ်ပုံ မူပိုင် AP
Image caption လန်ဒန် မြို့တော်ဝန်သစ် Sadiq Khan နဲ့ မြို့တော်ဝန်ဟောင်း Boris Johnsonတို့ အကြား ထိပ်တိုက် အချေအတင် ဖြစ်ခဲ့

EU ဥရောပ သမဂ္ဂထဲမှာ UK ဆက်နေသင့်မသင့် ဆိုတာနဲ့ ပတ်သက်လို့ လာမယ့် ကြာသပတေးနေ့မှာ လူထု ဆန္ဒခံယူပွဲကြီး မကျင်းပခင် ကျန်တဲ့ အချိန် အတောအတွင်း ဒီကိစ္စနဲ့ ပတ်သက်လို့ လူထုကို နှစ်ဘက် အပြိုင်အဆိုင် စည်းရုံး ပြောဆိုနေကြပါတယ်။

ဇွန်လ ၂၁ ရက်နေ့ ညက ဘီဘီစီက တိုက်ရိုက်ထုတ်လွှင့်တဲ့ ဗြိတိန်နိုင်ငံရဲ့ အကြီးဆုံး ရုပ်မြင်သံကြား အခြေအတင် ဆွေးနွေးပွဲကြီးမှာ ဆိုရင် EU ထဲကနေ UK ထွက်ရေး မထွက်ရေးနဲ့ ပတ်သက်လို့ အထင်ကရ ပုဂ္ဂိုလ်တွေ အကြိတ်အနယ် ဆွေးနွေးခဲ့ကြရာမှာ ပရိသတ် ၆ထောင်လောက် တက်ရောက်ခဲ့ပါတယ်။

လူဝင်မှု ကြီးကြပ်ရေး၊ စီးပွားရေးနဲ့ နိုင်ငံအချုပ်အခြာ အာဏာပိုင်ရေးတွေ နဲ့ ပတ်သက်လို့ နှစ်နာရီကြာ အဓိကထား ဆွေးနွေးသွားခဲ့ကြပါတယ်။

ဆွေးနွေးပွဲအတွင်းမှာ EU ထဲ UK ဆက်နေဖို့ စည်းရုံး ပြောဆိုခဲ့တဲ့ လန်ဒန် မြို့တော်ဝန်သစ် Sadiq Khan နဲ့ EU ထဲက ထွက်ဖို့ စည်းရုံးနေသူ လန်ဒန်မြို့တော်ဝန်ဟောင်း Boris Johnsonတို့ အကြား အကြီးအကျယ် ထိပ်တိုက် အချေအတင် ဖြစ်ခဲ့ကြသလို သက်ဆိုင်ရာ ထောက်ခံသူ ပရိသတ်တွေကလည်း အကြိတ်အနယ် လက်ခုပ်လက်ဝါးတီး အားပေးခဲ့ကြပါတယ်။

ကုန်သွယ်ရေး၊ စီးပွားရေးပိုင်းနဲ့ ပတ်သက်လို့ တနိုင်ငံလုံးမှာ ရှိတဲ့ စီးပွားရေး လုပ်ငန်းရှင် အကြီးအငယ် အရွယ် မရွေး EU ထဲကနေ ထွက်ဖို့ စိတ်ဆန္ဒ ပြင်းပြနေတာကို အံ့အားသင့်ရလောက်အောင် တွေ့ခဲ့ရပါတယ်။ EUရဲ့ ကန့်သတ်ချက် စည်းမျဉ်း စည်းကမ်းတွေကြောင့် သူတို့မှာ လုပ်ပိုင်ခွင့် အပြည့်အ၀ မရခဲ့ကြဘူးလို့ Boris Johnson က ပြောသွားပါတယ်။

လန်ဒန် မြို့တော်ဝန်သစ် Sadiq Khan ကလည်းတကယ်လို့ EU ထဲကနေ UK ထွက်လိုက်မယ် ဆိုရင် နောက်ကြောင်း ပြန်လှည့်လို့ ရမှာ မဟုတ်တော့တာကြောင့် ရာနှုန်းပြည့် သေချာအောင် စဉ်းစားပြီးမှ မဲပေးကြဖို့ ပရိသတ်ကြီးကို လန်ဒန်မြို့တော်ဝန် Sadiq Khan က ပြောသွားပါတယ်။

Boris Johnson ရဲ့ ဆွေးနွေးပွဲ အပိတ် မိန့်ခွန်းမှာ တကယ်လို့ EU ထဲကနေ UK ထွက်ဖို့ လာမယ့် ကြာသပတေးနေ့မှာ လူထုက မဲပေးခဲ့ကြမယ် ဆိုရင် အဲဒီနေ့ဟာ UK နိုင်ငံအတွက် လွတ်လပ်ရေးနေ့ ဖြစ်လာနိုင်တယ်လို့ ပြောသွားခဲ့ရာမှာ ပရိသတ်ကြီးက မတ်တပ်ရပ် လက်ခုပ်သြဘာတီး အားပေးခဲ့ကြပါတယ်။

သဘောထား စစ်တမ်း ကောက်ယူချက်တွေအရ EU ထဲ UK ဆက်နေဖို့ ထောက်ခံသူ လူငယ်တွေ ပိုများတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း တချိန်တည်းမှာပဲ လူငယ်တွေက မဲပေးဖို့ သိပ်စိတ်မဝင်စားကြတာကိုလည်း တွေ့ရပါတယ်။

ခုလောလောဆယ် အချိန်အထိတော့ သဘောထား စစ်တမ်းတွေအရ EU ထဲ UK ဆက်နေသင့် မသင့် ဆိုတာနဲ့ပတ်သက်လို့ ထောက်ခံသူ ကန့်ကွက်သူ အရေအတွက်ဟာ ပွတ်ကာသီကာ သိပ်မကွာတာ တွေ့နေရဆဲ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် Rob Watson က သတင်းပေးပို့ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ