အီးယူထဲ ဆက်နေဖို့ ဗြိတိန် စီးပွားရေး ဦးစီးဦးဆောင်တွေ တိုက်တွန်း

  • 22 ဇွန် 2016
_referendum
Image caption ဘယ်ဘက်က အလေးသာ နေသလဲ ဆိုတာ အပြတ် မပြောနိုင် ဖြစ်နေပါတယ်။

ဗြိတိန် နိုင်ငံ အနေနဲ့ ဥရောပ သမဂ္ဂ အဖွဲ့ အီးယူထဲကနေ ထွက်မလား ဆက်နေမလား ဆိုတာကို မနက်ဖြန် ကြာသာပတေးနေ့ ဇွန်လ ၂၃ ရက်နေ့မှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး ဆုံးဖြတ် ကြတော့မှာ ဖြစ်ပါတယ်။

အခုလို ဆန္ဒခံယူ အကြိုနေ့မှာ စီးပွားရေး နယ်ပယ်ကို ဦးဆောင် နေကြသူတွေ ထောင်နဲ့ ချီပြီး တကယ်လို့ အီးယူ ထဲကနေသာ ထွက်မယ်ဆိုရင် ဗြိတိန် နိုင်ငံအတွက် အလုပ်အကိုင်နဲ့ ကုန်သွယ်ရေး ကဏ္ဍတွေမှာ မသေချာ မရေရာမှုတွေ ပေါ်ပေါက် လာလိမ့်မယ်လို့ သတိပေး နေကြပါတယ်။

လူ ၂ သန်းနီးပါးကို အလုပ်ပေးကြတဲ့ ကုမ္ပဏီတွေက ဒါရိုက်တာတွေ စုပေါင်းပြီး တိုင်းမ်စ် သတင်းစာထံ အိတ်ဖွင့်ပေးစာ တစ်စောင် ရေးသား ထားတာမှာ အီးယူထဲ ဆက်နေပါမှ ဗြိတိန် နိုင်ငံအတွင်း ရင်းနှီး မြှုပ်နှံမှုနဲ့ စီးပွား ဖွံ့ဖြိုးရေး ကဏ္ဍတွေမှာ အခွင့်အလမ်းတွေ ပိုရရှိ နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထွက်ရေး အတွက် ဆော်ဩ နေသူတွေကတော့ အီးယူထဲ ဆက်နေရင် စီးပွားရေး သေချာပေါက် ပိုကောင်းမယ်လို့ မဆိုနိုင်ဘူး ဆိုပြီး တုံ့ပြန် နေကြပါတယ်။

ဆန္ဒခံယူပွဲ အကြို ကောက်ခံ ကြည့်တဲ့ စစ်တမ်းတွေ အရ ဆက်နေရေးနဲ့ ထွက်ရေး ဘယ်ဘက်က အလေးသာ နေသလဲ ဆိုတာ အပြတ် မပြောနိုင် ဖြစ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ