သေနတ်ထိန်းချုပ်ရေး ဒီမိုကရက်တွေ ဆန္ဒပြ

_us_gun_
Image caption လက်ကိုင်ဖုန်းတွေ ကနေ တဆင့် သူတို့ ဆန္ဒပြ နေတာကို အင်တာနက်ပေါ် တိုက်ရိုက် တင်ဆက်။

အမေရိကန် ပြည်ထောင်စုမှာ သေနတ် ကိုင်ဆောင်ခွင့် ဥပဒေကို တင်းကြပ်ဖို့ ဒီမိုကရက် ပါတီဝင်တွေဟာ မကြုံစဖူး ထိုင် ဆန္ဒပြ နေတာ ၂၄ နာရီ ဝန်းကျင် ရှိလာ နေပြီ ဖြစ်ပါတယ်။

အောက်လွှတ်တော် ကြမ်းပြင်ပေါ် လူတချို့ ဆက်လက် ထိုင်နေကြဆဲ ဖြစ်ပြီး လက်ကိုင်ဖုန်းတွေ ကနေ တဆင့် သူတို့ ဆန္ဒပြ နေတာကို အင်တာနက်ပေါ် တိုက်ရိုက် တင်ဆက် ပေးနေပါတယ်။

ကွန်ဂရက်စ် လွှတ်တော် မရပ်နားပဲ ဆက်လက် ကျင်းပဖို့ ဒီမိုကရက်တွေ တောင်းဆိုမှု ရှုံး သွားခဲ့တဲ့ နောက် အခုလို ဖြစ်ပေါ် လာတာပါ။

လွှတ်တော်ကို လွှမ်းမိုး ထားတဲ့ ရီပတ်ဘလစ်ကင် အမတ်တွေက လွှတ်တော် အစည်းအဝေးတွေ ဂျူလိုင် လဆန်းမှ ပြန်စဖို့ မဲခွဲ ဆုံးဖြတ် ခဲ့ကြပါတယ်။

ဒီမိုကရက်တွေရဲ့ ထိုင်သပိတ်ဟာ စတန့်ထွင်တာ သက်သက်ပဲ ဆိုပြီး ရီပတ်ဘလစ်ကင်တွေက ဝေဖန် ပါတယ်။

ဒါပေမယ့် အိုလန်ဒိုက နိုက်ကလပ် အပစ်ခတ် ခံခဲ့ ရပြီးတဲ့နောက် သေနတ် ကိုင်ဆောင်တာကို ထိန်းချုပ်ဖို့ ဘယ်လောက် အရေးတကြီး လိုအပ် နေသလဲ ဆိုတာ ပို ထင်ရှား လာခဲ့တဲ့ အတွက် ဒီမိုကရက် ဆန္ဒပြ သမားတွေကတော့ ဒီကိစ္စကို ကိုင်တွယ် နိုင်တဲ့ အထိ ဆက် ဆန္ဒပြ သွားမယ် လို့ ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ