ဗြိတိန် ဥရောပသမဂ္ဂ ထွက်ရေးမထွက်ရေး အကြိတ်အနယ်ဖြစ်နေ

  • 24 ဇွန် 2016
ဗြိတိန်လူထု ဆန္ဒခံယူပွဲပြီးစီး
Image caption ဗြိတိန်လူထု ဆန္ဒခံယူပွဲပြီးစီး

ဗြိတိန် နိုင်ငံအနေနဲ့ အီးယူ ဥရောပသမဂ္ဂမှာ အဖွဲ့ဝင်အဖြစ် ဆက်နေမလား ဒါမှမဟုတ် နှုတ်ထွက်မလားဆိုတာ ၄လကြာ အကြိတ်အနယ် မဲဆွယ်ပြီးတဲ့နောက် မဲပေးရာမှာ ည၁၀နာရီမှာ မဲရုံတွေပိတ်သွားပါတယ်။ မဲရေတွက်မှု စာရင်းတွေ ဆက်ထွက်နေပြီးမဲဆန္ဒနယ်ပေါင်း ၃၈၂ခုမှာ ဘယ်ဘက်က အနိုင်ရမယ်ဆိုတာ ခန့်မှန်းလို့မရအောင်အကြိတ်အနယ်ဖြစ်နေပါတယ်။

တကယ်တော့ ဒီလူထု ဆန္ဒခံယူပွဲဟာ ဆက်နေတဲ့ဘက်က ဖြစ်စေ ထွက်တဲ့ဘက်က ဖြစ်စေ ဘယ်ဘက်က နိုင်နိုင် တိုင်းပြည်ရဲ့ နိုင်ငံရေး အပေါ် အကြီးအကျယ် ရိုက်ခတ်မှု ရှိနိုင်ပါတယ်။ အခုမဲတွေအရ အနိုင်အရှုံးကလည်း အကြိတ်အနယ် ဖြစ်နေလို့ တိုင်းပြည်မှာ ၂ခြမ်းဖြစ်နေတာကို ဘယ်လိုပြန်ပြီး ညီညွတ်ရေး လုပ်ကြမလဲဆိုတာ အရေးကြီးပါတယ်။ အများက ကွန်ဆာဗေးတစ် ပါတီရဲ့ခေါင်းဆောင်မှုနဲ့ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် အပေါ် အာရုံစိုက်လာနိုင်ပါတယ်။ နှုတ်ထွက်တဲ့ဘက်က အာဏာရပါတီ လွှတ်တော်အမတ် ၈၄ယောက်ကတော့ ဝန်ကြီးချုပ်အနေနဲ့ တာဝန်ဆက် ယူသင့်တယ်လို့တောင်းဆို သံတွေကြားနေရပါတယ်။

အတိုက် အခံလေဘာပါတီအမတ် Johnathan Ashworth ကတော့ ဘယ်လို အဖြေမျိုးပဲထွက်ထွက် အစိုး အနေနဲ့ အလုပ်အကိုင် လူနေမှုအဆင့်အတန်းနဲ့ အများပြည်သူအတွက် ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆက်အာရုံစိုက်ဖို့ ပြည်သူကလိုလားတယ်လို့ ပြောနေပါတယ်။ အခုအခါ ကွန်ဆာဗေးတစ် ပါတီမှာ တိုင်းပြည် အနာဂတ်အရေးထက် ပါတီတွင်း ခေါင်းဆောင်မှုတိုက်ပွဲတွေကို အာရုံစိုက်နေတယ်လို့ Ashworth ကဝေဖန်ပါတယ်။

အီးယူ အဖွဲ့ဝင်က မထွက်ခဲ့ရင် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ရဲ့ ခေါင်းဆောင်မှုကို စိန်ခေါ်တာ လျော့သွား နိုင်ပေမယ့် ပါတီတွင်း အကွဲအပြဲ ကိုတော့ ပြန်စေ့စပ်ဖို့ မလွယ်ဖူးလို့ ထောက်ပြ နေကြတာတွေရှိပါတယ်။ တကယ်လို့ အဖွဲ့ဝင်အဖြစ် ဆက်နေမယ်လို့ အများကဆုံးဖြတ်ရင် ယူကေကို မထွက်စေချင်တဲ့ ဥရောပ ခေါင်းဆောင်တွေအတွက် သက်ပြင်းချနိုင်မှာ ဖြစ်ပြီး ထွက်တဲ့ဘက် ကလည်း အင်အားကောင်းတဲ့အတွက် ဥရောပသမဂ္ဂ ပြုပြင် ပြောင်းလဲရေးကို ဆက်ပြီး တောင်းဆိုကြမှာဖြစ်ပါတယ်။

ထွက်တဲ့ဘက်က မဲနိုင်ရင် ရုတ်တရက်တော့ ဘာမှထူးခြား ဦးမှာမဟုတ်ပါဘူး။ အနည်းဆုံး၂နှစ် အချိန်ယူပြီးနိုင်ငံရေးအရညှိနှိုင်းပြီးမှ ထွက်မှာဖြစ်တဲ့အတွက် လောလောဆယ် အီးယူစာချုပ်တွေ ဥပဒေတွေကို ဆက်လိုက်နာရပါဦးမယ်။ ဒါပေမယ့် ထွက်ဖို့ညှိနှိုင်းနေတဲ့ ကာလမှာ အီးယူရဲ့ ဆုံးဖြတ်ချက်ချတဲ့ ကိစ္စတွေမှာ ပါစရာမလိုပါဘူး။ နောက်ပြီး ဥရောပရောက် ဗြိတိန်လူမျိုးတွေနဲ့ ယူကေရှိ အီးယူနိုင်ငံသားတွေရဲ့အ နေအထား တွေကိုလည်း ပြန်စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဥရောပကနေ ဝင်ရောက်လာတဲ့သူတွေ လွတ်လပ်စွာ ဝင်ရောက်ခွင့်တွေလည်း လောလောဆယ် ဆက်ခွင့်ပြုရဦးမယ့် သဘော ရှိကောင်းရှိနိုင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ