ဗြိတိန် အီးယူ ဆန္ဒခံပွဲ နောက်ကြောင်း

  • 24 ဇွန် 2016
ဓာတ်ပုံ မူပိုင်
Image caption ဗြိတိန် အီးယူက ခွဲထွက်ဖို့ ဆုံးဖြတ်
ဘာကြောင့် ဆန္ဒခံပွဲလုပ်

၂ဝ၁၅ ဗြိတိသျှ ရွေးကောက်ပွဲမှာ ကတိပေးထားတဲ့အတိုင်း ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက အီးယူက ဗြိတိန် ခွဲထွက်မလား ဆန္ဒခံပွဲ ကျင်းပပေးခဲ့ပါတယ်။

၁၉၇၅ ခုနှစ်က ဗြိတိန် အီးယူထဲ ဝင်ဖို့ ပူးပေါင်းခဲ့ပြီးနောက်ပိုင်း ဆက်နေဖို့ မနေဖို့ ပထမဆုံး အကြိမ် ဆန္ဒခံပွဲ လုပ်ပေးပါလို့ ကွန်ဆာဗေးတစ် ပါတီ အမတ်တွေရော ယူကေ လွတ်လပ်ရေး ပါတီ (UKIP) ကပါ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဒီ နှစ် ၄ဝ အတွင်း ဗြိတိန်ရဲ့ နေ့စဉ်ဘဝ တွေမှာ အီးယူ ဘက်က ထိန်းချုပ်မှုတွေ ပိုများလာတယ်လို့ သူတို့က ဆိုပါတယ်။

အီးယူက ထွက်ဖို့ အချိန် ဘယ်လောက်ကြာ

ဆန္ဒခံယူပွဲနောက်ပိုင်း ထွက်ခွာဖို့ အနည်းဆုံး ၂ နှစ်ကြာ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ဒီအတောအတွင်း ဗြိတိန်က အီးယူ ဥပဒေနဲ့ သဘောတူညီချက်တွေကို ဆက်ပြီး လိုက်နာရမှာ ဖြစ်ပေမယ့် ဆုံးဖြတ်ချက် ချမှတ်ရာမှာတော့ ပါတော့မှာ မဟုတ်ပါဘူး။

တကယ်တမ်းမှာ ညှိနှိုင်းမှုတွေ လုပ်ရင်း ၂ နှစ်ထက် ပိုပြီးလည်း ကြာနိုင်ပါတယ်။

Image caption အီးယူ နိုင်ငံတိုင်း ဗြိတိန်ကို ပြန်လက်ခံမှ ဝင်လို့ရ
နောက်ထပ် အီးယူထဲ ပြန်ဝင်လို့ ရမလား

နောက်တခါ ပြန်ဝင်မယ် ဆိုရင်တော့ ဗြိတိန်က အစက ပြန်စရမှာပါ။

အီးယူ အဖွဲ့ဝင် နိုင်ငံတိုင်းက ဗြိတိန်ကို ပြန်လက်ခံမှ ဝင်လို့ရမှာလည်း ဖြစ်ပါတယ်။

ဒီလို ပြန်ဝင်ဖို့ ဥရောပ ကောင်စီ မှာ ဗြိတိန်က လျှောက်လွှာ တင်၊ ဥရောပ ကော်မရှင်နဲ့ တိုင်ပင်လို့ ဥရောပ ပါလီမန်က အဖွဲ့ဝင် အားလုံး နီးပါးက သဘောတူမှ ပြန်ဝင်ခွင့် ရမှာ ဖြစ်ပါတယ်။

အီးယူ အဖွဲ့ဝင် နိုင်ငံသစ်တွေက ယူရို ငွေကို သူတို့ ငွေကြေး အဖြစ် လက်ခံ သုံးစွဲဖို့လည်း လိုပါတယ်။ ဗြိတိန်က ဒါကို ရှောင်ရှားဖို့ ကြိုးစားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ