အီးယူမှ ဗြိတိန် ထွက်ခွာမှု အပေါ် တုံ့ပြန်မှု

  • 25 ဇွန် 2016
_obama_uk_visit_cameron_ ဓာတ်ပုံ မူပိုင် AFP
Image caption အီးယူမှ ဗြိတိန်ထွက်ပေမဲ့ အမေရိကန်နဲ့ မိတ်မပျက်

ဗြိတိန်နိုင်ငံ က အီးယူ ဥရောပ သမဂ္ဂ ကနှုတ်ထွက် တဲ့ ဘက်က ပြည်သူ့ဆန္ဒ မဲ အသာရ ပြီး ကတည်းက ကမ္ဘာ့နိုင်ငံကြီး တွေ မှာ ပဲတင်သံ တွေ ညံခဲ့ ပါတယ်။ ဒီနိုင်ငံ တွေ က တော့ အီးယူ ထဲမှာပဲ ဗြိတိန် က ဦးဆောင် နိုင်စွမ်း ရှိ တဲ့ ရှေ့တန်း နိုင်ငံ တခု အဖြစ် ရပ်တည် စေလိုတာပါ။

အမေရိကန် သမ္မတ အိုဘားမား က ဆိုရင် ခွဲထွက်ရေး မဲရလဒ် အနိုင်ရသွားပြီးတဲ့နောက် မှာ ဂျာမန်ဝန်ကြီးချုပ် အင်ဂလာ မာကဲလ် ကို တယ်လီဖုန်း ဆက်သွယ်ယင်း ဗြိတိန် ရဲ့ ဆုံးဖြတ်ချက် အပေါ်မှာ စိတ်မကောင်း ဖြစ်ပေမဲ့ ဗြိတိန်နိုင်ငံသားတွေ ရဲ့ ဆန္ဒ ကို လေးစားတဲ့ အကြောင်း ပြောကြ ပါတယ်။ ဒီခေါင်းဆောင် နှစ်ဦးစလုံး က စက်မှုအင်အားကြီး ၇ နိုင်ငံ ဂျီ ဆဲဗင်း အဖွဲ့ဝင် နိုင်ငံ အနေ အဖွဲ့ကြီးရဲ့ ငွေကြေးခိုင်မာမှု နဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အပိုင်း မှာ အာရုံစိုက်ပူးပေါင်း ဆောင်ရွက် ဖို့ ဆွေးနွေးကြပါတယ်။

သမ္မတ အိုဘားမား ဟာ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် ကို လည်း ဆက်သွယ်ယင်း နှစ်နိုင်ငံ ဆက်ဆံရေး ကို ခွဲထွက်တဲ့ ဆုံးဖြတ်ချက်ကြောင့် မထိခိုက်နိုင်တဲ့ အကြောင်း ပြောပါတယ်။ ပြီးခဲ့တဲ့ နေ့က မဲလဒ် ဟာ ပူးပေါင်း ဆောင်ရွက်မှု နဲ့ အခြေတည်နေတဲ့ ကနေ့ခေတ် ကမ္ဘာကြီး မှာတော့ ပြောင်းလဲမှု တွေ နဲ့ အတူ စိန်ခေါ်မှု တွေ ရင်ဆိုင် ရတော့ မှာ ဖြစ်တဲ့ အကြောင်း၊ အီးယူနဲ့ ဗြိတိန် ဆက်ဆံရေး ပြောင်းလဲပေ မဲ့ အမေရိကန် နဲ့ ဗြိတိန် ရဲ့ ဆက်ဆံရေး ဟာ မပြောင်းလဲပါဘူး လို့ သမ္မတ အိုဘားမား က ပြောတာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဖာရန် ဟက် ကလည်း ယူကေ ဟာ အီးယူထဲက နှုတ်ထွက်ခဲ့ပေမဲ့ နိုင်ငံတကာ ဖွံ့ဖြိုးမှု ကဏ္ဍမှာတော့ ဦးဆောင်ဦးရွက် အပိုင်းမှာ ဆက်လက် ပါဝင်မယ် လို့ မျှော်လင့်တဲ့ အကြောင်း ပြောပါတယ်။

ကုလ သမဂ္ဂ အနေနဲ့တော့ ယူကေ နဲ့ရော အီးယူနဲ့ပါ အရေးကြီး တဲ့ မိတ်ဘက် တွေ အဖြစ် ဆက်လက် ဆောင်ရွက်စရာ တွေ ကို ပူးတွဲ လုပ်ကိုင် သွားမဲ့ အကြောင်း ၊ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း အီးယူ ကို ကုလသမဂ္ဂ ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ လူသားချင်းစာနာ ကူညီတဲ့ လုပ်ငန်းရပ်တွေမှာ ရယ်၊ ငြိမ်းချမ်းရေး နဲ့ လုံခြုံရေး ၊ ခိုလှုံသူတွေ ကိစ္စ ရပ်မှာပါ ခိုင်မာတဲ့ မိတ်ဖက် အဖွဲ့အစည်း အဖြစ် ဆက်လက်ရပ်တည်မယ် လို့ မျှော်လင့်တဲ့ အကြောင်းပြောပါတယ်။

ဥရောပ ကော်မရှင် ဥက္ကဌ မာတင်ရှုဇ့်ကတော့ အီးယူဟာ ဗြိတိသျှ အာဏာရ ကွန်ဆာဗေးတစ် တိုရီ ပါတီ ဝင်တွေ ရဲ့ ပါတီတွင်း တိုက်ပွဲ မှာ ပြန်ပေးဆွဲခံရတဲ့ ဓါးစာခံ ဖြစ်သွား ရတာပါ။ ဝန်ကြီးချုပ် ကင်မရွန် က လည်း လာမဲ့ အောက်တိုဘာလ မှ ရာထူး က ဆင်းမယ် လို့ ပြောတဲ့ အတွက် ခွဲထွက်ပြီးတဲ့ နောက်ပိုင်းမှာ လုပ်ကိုင်စရာတွေ ကို ရပ်ထားပြီး နောင်တက်မဲ့ ဝန်ကြီးချုပ် လက်ထက်မှ ဆက်လုပ်မယ် ဆိုတာ ကို လည်း ဥရောပ ကော်မရှင် က မကျေနပ်ပါဘူး လို့ ဝေဖန်လိုက်ပါတယ်။