EUထဲက UKထွက်အပြီး UK နိုင်ငံရေး လောက ပြဿနာတက်

  • 26 ဇွန် 2016
ဓာတ်ပုံ မူပိုင်
Image caption EU ထဲ UK ဆက်နေဖို့ အတိုက်အခံ လေဘာပါတီက လိုလား

EU ဥရောပ သမဂ္ဂထဲကနေ ဗြိတိန်နိုင်ငံ နှုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့အပြီး ထွက်ပေါ်လာတဲ့ သဘောကွဲလွဲမှုတွေ ကြောင့် UK နိုင်ငံရေး လောကမှာ ကသောင်းကနင်း ပြဿနာတွေ ပေါ်နေပါတယ်။

EUထဲမှာ ဗြိတိန်နိုင်ငံ ဆက်နေဖို့ လိုလား ထောက်ခံခဲ့တဲ့ အတိုက်အခံ လေဘာ ပါတီခေါင်းဆောင် Jeremy Corbyn ဟာ EUထဲမှာ ဗြိတိန်နိုင်ငံ ဆက်နေဖို့ မဲဆွယ်စည်းရုံးမှုတွေကို စိတ်မပါ့တပါ လုပ်ခဲ့တယ် ဆိုတဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

တခါ မစ္စတာ Corbyn ကို ပါတီ ခေါင်းဆောင်အဖြစ်ကနေ ဆင်းပေးဖို့ တောင်းဆိုခဲ့သူ လေဘာ နိုင်ငံခြားရေး ဝန်ကြီး Hilary Benn ရာထူးကနေ အထုတ်ခံလိုက်ရပါတယ်။

အခုလောလောဆယ် လေဘာပါတီတွင်းက ဝန်ကြီး ၇ယောက်လောက် ရာထူးကနေ နှုတ်ထွက်သွားကြပြီ ဖြစ်ပြီး နောက်ထပ် ထပ်ထွက်ကြအုံးမယ့်ပုံ ရှိနေပါတယ်။

မစ္စတာ Corbyn ကို ထောက်ခံသူ ပါတီဝင်တွေကတော့ မစ္စတာ Corbyn ပါတီခေါင်းဆောင်အဖြစ်ကနေ နှုတ်ထွက်မှာ မဟုတ်ပဲ ပါတီဝင် အများစုရဲ့ တခဲနက် ထောက်ခံအားပေးမှုကို ရထားတယ်လို့ ပြောနေကြပါတယ်။

ဒီအတောအတွင်းမှာပဲ စကော့တလန် အစိုးရအဖွဲ့ အကြီးအကဲ Nicola Sturgeon က အီးယူ ဥရောပ သမဂ္ဂ ထဲကနေ ဗြိတိန်နိုင်ငံ နှုတ်ထွက်တာကို စကော့တလန် ပါလီမန်က ဗီတို အာဏာသုံးပြီး ကန့်ကွက်နိုင်တယ်လို့ ပြောပါတယ်။

အီးယူထဲမှာ UK ဆက်နေဖို့ကို စကော့တလန် ပြည်နယ် တခုလုံးက တခဲနက် ထောက်ခံမဲ ပေးခဲ့ကြတာ ဖြစ်ပြီး အီးယူထဲကနေ UK နှုတ်ထွက်လိုက်တဲ့အတွက် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် စကော့တလန် ပြည်သူတွေ ထိခိုက်နစ်နာမယ့် အရေးကနေ သူအကာအကွယ်ပေးလိုတယ်လို့လည်း မစ္စစ် Sturgeon က ပြောပါတယ်။

ဒါ့အပြင် စကော့တလန်ကို UK နိုင်ငံထဲကနေ နှုတ်ထွက်ရေးနဲ့ ပတ်သက်လို့ ဒုတိယအကြိမ် လူထု ဆန္ဒခံယူပွဲ ကျင်းပကောင်း ကျင်းပဖို့ ကိုလည်း မစ္စစ် Sturgeon က ပြောထားပြီး ဖြစ်ပါတယ်။

တခါ အခုလို EU ထဲကနေ ဗြိတိန်နိုင်ငံ နှုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာ့ စီးပွားရေးစနစ် အချိန်အတော်ကြာ ကံဆိုးမိုးမှောင် ကျလိမ့်မယ်လို့ တရုတ်အစိုးရက ပြောပါတယ်။

တရုတ် ဘဏ္ဍာရေး ဝန်ကြီး လူ ဂျီဝေ က နောက်ဆက်တွဲ ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာကို ခန့်မှန်း ပြောဖို့ ခက်လှကြောင်း ဒါပေမယ့် ၁၀နှစ်လောက်တော့ အခြေအနေ ကောင်းမှာ မဟုတ်ဘူးလို့ ယူဆကြောင်း ပြောပါတယ်။

ဒါပေမယ့်လည်း EUထဲကနေ ဗြိတိန်နိုင်ငံ ထွက်ပြီးပြီးချင်းမှာ ငွေကြေးစျေးကွက်တွေအနေနဲ့ လိုတာထက် ပိုပြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ကြတယ်လို့ သူက ဆိုပါတယ်။

ဒီဖြစ်ရပ်ရဲ့ ဂယက်ရိုက်မှုအပေါ် အပြုသဘော မသုံးသပ်နိုင်ခင်မှာ ငွေကြေးစျေးကွက်တွေအနေနဲ့ တည်တည်ငြိမ်ငြိမ် ရှိဖို့ လိုတယ်လို့ တရုတ် ဘဏ္ဍာရေး ဝန်ကြီး လူ ဂျီဝေ က ပြောသွားပါတယ်။