Brexit နောက် စီးပွားရေး မတည်ငြိမ်မှု အာရှကိုပါ ရိုက်ခတ်နေ

  • 26 ဇွန် 2016
tokyo_stock_ ဓာတ်ပုံ မူပိုင် AFP
Image caption ဗြိတိန်ရဲ့ အဆုံးအဖြတ်ဟာ ကမ္ဘာ့ စီးပွားရေး အပေါ် အကြီးအကျယ် ရိုက်ခတ် ။

ဥရောပ သမဂ္ဂ အဖွဲ့ အီးယူထဲက ဗြိတိန် နှုတ်ထွက်ဖို့ ဆုံးဖြတ် ခဲ့အပြီး နောက်ဆက်တွဲ ဖြစ်ပေါ် လာတဲ့ စီးပွားရေး မတည်ငြိမ်မှုတွေ အတွက် စိုးရိမ်ကြောင်း တရုတ်၊ ဂျပန် နဲ့ တောင်ကိုရီးယား တို့လို အာရှက စီးပွားရေး အင်အားကြီး နိုင်ငံတွေက ထုတ်ဖော် ပြောဆို လာပါတယ်။

ဗြိတိန်ရဲ့ အဆုံးအဖြတ်ဟာ ကမ္ဘာ့ စီးပွားရေး အပေါ် အကြီးအကျယ် ရိုက်ခတ် လာစေတယ် လို့ တရုတ် ဘဏ္ဍာရေး ဝန်ကြီး လောင်ကျိဝေ က ပြောပါတယ်။

ဂျပန်က အာဏာရ ပါတီ ဖြစ်တဲ့ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီကလည်း အခုလို ဘဏ္ဍာရေး စျေးကွက် တွေထဲ အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်ပေါ် လာမယ့် အရေးကို တုံ့ပြန် ကိုင်တွယ်ဖို့ အတွက် ဂျပန် အနေနဲ့ ကြိုတင် ပြင်ဆင် ထားသင့်တယ်လို့ ဆိုပါတယ်။

ဗြိတိန် အီးယူထဲက နှုတ်ထွက် တာဟာ ကမ္ဘာ့ စီးပွားရေးကို ပြောင်းလဲ သွားစေ နိုင်တယ် ဆိုပြီး တောင်ကိုရီးယားကလည်း ဆိုပါတယ်။

ဒီကနေ့ တနင်္လာနေ့ အာရှ အရှေ့ဖျား ဒေသရဲ့ စျေးကွက်တွေ အဖွင့်မှာ တွေ့ကြုံ လာရနိုင်တဲ့ စျေးကွက် မတည်ငြိမ်မှု တွေကို တုံ့ပြန် ကိုင်တွယ်နိုင်ဖို့ အတွက် အဲဒီ ၃ နိုင်ငံစလုံး ပြင်ဆင် နေကြပါတယ်။

ယူကေ ဘဏ္ဍာရေး ဝန်ကြီး ဂျော့ချ် အော့စ်ဘွန်း ကတော့ ဒီနေ့ တနင်္လာနေ့ အရောင်းအဝယ် စျေးကွက်တွေ ပြန်ဖွင့်တာ အမှီ အာမခံချက် တွေ ပေးနိုင်ဖို့ ကြိုးစား နေတယ်လို့ ဆိုပါတယ်။

ဗြိတိန်ရဲ့ စီးပွားရေးကို အကာအကွယ်ပြု နိုင်ဖို့ လိုအပ်တဲ့ ဆောင်ရွက်မှုတွေ ပြုလုပ် နေတယ် ဆိုပြီး ဘဏ္ဍာရေး ဌာနရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပေမယ့် အသေးစိတ် အချက်အလက်တွေ ကိုတော့ မထုတ်ပြန် ပါဘူး။

ရှယ်ယာ တန်ဖိုးတွေ ဆက်လက် ကျဆင်းပြီး အခြေအနေဟာ စိုးရိမ် အမှတ် ရောက်လာ မလား ဆိုပြီး ကုန်သွယ်ရေး သမားတွေကတော့ ရင်တထိတ်နဲ့ စောင့်ကြည့် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ