အီးယူမှ ဗြိတိန်နှုတ်ထွက်မှုကို တရားဝင်ရေးဆွေးနွေး

  • 26 ဇွန် 2016
merkel_640x360_ ဓာတ်ပုံ မူပိုင် Getty
Image caption ဂျာမန် ဝန်ကြီးချုပ် အင်ဂလာမာကဲလ်

ဗြိတိန် က အီးယူ ဥရောပ သမဂ္ဂ ထဲ က ထွက်ဖို့ ပြည်သူ့ဆန္ဒမဲ ရလဒ် နဲ့ ဆုံးဖြတ် လိုက်တဲ့ နောက်ပိုင်း မှာ အီးယူ အဖွဲ့ ကို မူလ ထူထောင်ခဲ့တဲ့ နိုင်ငံတွေ က နိုင်ငံခြားရေး ဝန်ကြီး ခြောက်ဦး ဘက်ကနေ တရားဝင် နှုတ်ထွက်တဲ့ ကြေညာချက်၊ ဆောင်ရွက်ဖွယ်ရာ အစီအစဉ် တွေ ကို အချိန်မဆွဲ ပဲ အကောင်အထည်ဖေါ် ဖို့ ဇွန်လ ၂၅ရက်နေ့ က ကျင်းပတဲ့ အစည်းအဝေး မှာ တောင်းဆို လိုက်ကြပါတယ်။ ဒီနိုင်ငံတွေ ကတော့ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဘယ်လ်ဂျီယံ၊ လူဇင်ဘဂ် နဲ့ နယ်သာလန် နိုင်ငံတွေ ဖြစ်ကြပါတယ်။

ဒါပေမဲ့ ဂျာမန်ဝန်ကြီးချုပ် အင်ဂလာမာကဲလ် ကတော့ ဗြိတိန် အနေနဲ့ နှုတ်ထွက်မဲ့ လုပ်ငန်းစဉ် ကို အစောတလျင် လုပ်စရာ မလိုသလို အချိန် အကြာကြီး ဆွဲပြီး မလုပ်သင့်တဲ့ အကြောင်း ပြောပါတယ်။ သူ့အနေနဲ့ အမှန် အတိုင်းပြောရရင် နှစ်နဲ့ချီပြီး အချိန် မဆွဲ ဖို့ကတော့ အရေးကြီးပေ မဲ့ အချိန်တို ဘောင် အတွင်းမှာ လည်း တက်သုတ်ရိုက်ပြီး လုပ်စရာ မလိုတဲ့ အကြောင်း၊ ဗြိတိန်ဟာ သူ့ဘက်က နှုတ်ထွက်ရေး အဆိုပြုချက်တွေ ကို မတင်သေးသလို တဖက်က သဘောတူ လက်ခံမဲ့ အနေအထားလည်း မပြီးသေးလို့ ဒီကိစ္စရပ် တွေ မပြီးမချင်း ဗြိတိန်ဟာ အီးယူ ရဲ့ အဖွဲ့ဝင် အဖြစ် ဆက်လက်ရှိနေပြီး သူ့ရဲ့ ရပိုင်ခွင့်နဲ့ တာဝန်ယူရမဲ့ အပိုင်း တွေ ကျန်နေပါသေးတယ် လို့ ပြောပါတယ်။

ပြင်သစ် သမ္မတ ဖရန်ဆွာ အိုလွန်း ကလည်း UK ရဲ့ မဲရလဒ်အဖြေ ပေါ်မှာ စိတ်မကောင်း ဖြစ်ရပေမဲ့ သူ့ဘက် က လေးစားမှုတော့ ရှိတဲ့ အကြောင်းရင်း က ဒီမိုကရေစီ အရေးကိစ္စ ဖြစ် တယ်လို့ ဆိုပါတယ်။ တချိန်ထဲ မှာပဲ ဥရောပ နိုင်ငံ တွေ ဘက်က စဉ်းစား ရမှာက ဒီကိစ္စ နဲ့ ပတ်သက်လို့ တန်ပြန် သက်ရောက်မှုတွေ၊ နိဂုံးသတ် အခြေအနေတွေ ကို တွက်ဆရမှာပါ။ ဥရောပ သမဂ္ဂ ရဲ့ လုပ်ငန်းဘောင် အတွင်းကနေ ယူကေ နှုတ်ထွက်တာ ကို စနစ်တကျ နဲ့ မူလ သဘောတူညီချက် ဥပဒေ တွေ အရ ချမှတ်ဆောင်ရွက် ရမှာပါ လို့ ပြင်သစ် သမ္မတ ဖရန်ဆွာ အိုလွန်း က ပြောပါတယ်။

အခုလို အီးယူ ထဲက ဗြိတိန်နှုတ်ထွက်မှု ဟာ ကမ္ဘာ့ နိုင်ငံ အများအပြား မှာ အံ့သြ တုန်လှုပ်မှု တွေ ရှိလာခဲ့တဲ့ အတွက် နောင်မှာ အီးယူ အဖွဲ့ အနေနဲ့ ဆန့်ကျင်ဘက် ဝေဖန် ပြောဆိုမှုတွေ ကို နားထောင်ဖို့ လိုအပ်နေပြီ ဖြစ်သလို အဖွဲ့ကြီး အတွင်းရှိ နိုင်ငံသားတွေ အနေနဲ့ လည်း ဖိအားများတဲ့ ပြဿနာ တွေ ဖြစ်တဲ့ ပြည်ပ လူဦးရေ စိမ့်ဝင်လာမှု နဲ့ လူငယ်တွေ အလုပ်လက်မဲ့ပြဿနာ တွေ ကို ဘယ်လို ဝိုင်းဝန်း ဖြေရှင်း ကြမယ် ဆိုတာ ပြသဖို့ လိုတဲ့ အကြောင်း ကို ဇွန်လ ၂၅ရက်နေ့ ဘာလင် မှာ ကျင်းပတဲ့ အီးယူ ခြောက်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအပြီး မှာ ဂျာမန် နိုင်ငံခြားရေး ဝန်ကြီး ဖရင့်ခ်ဗိုက်တာ ရှတိုင်းမိုင်ယာ က သတိပေး စကား ပြောလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ