အန္တရာယ်ကြီးတဲ့ နိုင်ငံရေး လေဟာနယ် ဖြစ်ပေါ်နေ

boris_johnson
Image caption အန္တရာယ်ကြီးတဲ့ နိုင်ငံရေး လေဟာနယ် ဖြစ်ပေါ်နေတဲ့ အခြေအနေပဲလို့ လေ့လာသူ တချို့က ပြော။

ဥရောပ သမဂ္ဂ အဖွဲ့ အီးယူထဲကနေ ထွက်ဖို့ ဆုံးဖြတ်ချက်ဟာ ဗြိတိန် နိုင်ငံရေး လောကထဲ မငြိမ်သက်မှုတွေ အကြီးအကျယ် ပေါ်ပေါက် လာစေ ခဲ့ပါတယ်။

အန္တရာယ်ကြီးတဲ့ နိုင်ငံရေး လေဟာနယ် ဖြစ်ပေါ်နေတဲ့ အခြေအနေပဲလို့ လေ့လာသူ တချို့က ပြောနေပါတယ်။

အီးယူက ထွက်ရေး ဦးဆောင် ဆော်ဩခဲ့သူ လန်ဒန် မြို့တော်ဝန်ဟောင်း ဘောရစ် ဂျွန်ဆင်နဲ့၊ လက်ရှိ ပြည်ထဲရေး ဝန်ကြီး ထရီးဇာ မေ တို့ဟာ ဝန်ကြီးချုပ်သစ် ဖြစ်လာနိုင်ဖို့ အာဏာရ ကွန်ဆာဗေးတစ် ပါတီ ရဲ့ ခေါင်းဆောင် နေရာ အတွက် မဲဆွယ်မှုတွေ ပြုလုပ်ရေး စတင် ပြင်ဆင် နေကြပါတယ်။

ဒီ အချိန်မှာပဲ၊ လေဘာ ပါတီ အတွင်း မှာလည်း တော်တော်လေး လှုပ်လှုပ်ရှားရှား ဖြစ်နေ ပါတယ်။

ယူကေ နိုင်ငံရေး မှာ တကယ့် အစိုးရ အဖွဲ့ကို စောင့်ကြည့် ဝေဖန်နိုင်ဖို့ အတွက် အတိုက်အခံ ပါတီဘက်က ရှဲဒိုး ကက်ဘိနက် ဆိုပြီး ပါတီ ထိပ်တန်း ခေါင်းဆောင် တွေနဲ့ ဖွဲ့စည်းလေ့ ရှိတဲ့ အဖွဲ့ထဲကနေ တစ်ယောက်ပြီး တစ်ယောက် နှုတ်ထွက် နေတာမှာ အခုဆို ၁၀ ယောက် ရှိနေပြီ ဖြစ်ပါတယ်။

လေဘာ ပါတီ ခေါင်းဆောင် ဂျရမီ ကိုဘင်လည်း အီးယူထဲ ဗြိတိန် ဆက်နေရေးကို အင်တိုက် အားတိုက် မလုပ်ခဲ့ဘူး ဆိုတဲ့ ဝေဖန် မှုတွေနဲ့ ရင်ဆိုင် နေရပါတယ်။

ဒါပေမယ့် မစ္စတာ ကိုဘင်ဟာ လေဘာ ပါတီ ခေါင်းဆောင် နေရာက နှုတ်ထွက်မှာ မဟုတ်ဘူး ဆိုပြီး သူနဲ့ နီးစပ်တဲ့ နိုင်ငံရေး မိတ်ဖက်တွေက ပြောပါတယ်။

အီးယူ ဘက်ကို ကြည့်ရင်လည်း ဗြိတိန်ဘက်က နှုတ်ထွက်ကြောင်း တရားဝင် လုပ်ငန်းစဉ် မစတင်မချင်း အီးယူနဲ့ ဗြိတိန်ကြား အနာဂတ် ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ဘယ်လို ညှိနှိုင်းမှု မျိုးမှ မပြုလုပ် နိုင်ဘူး ဆိုပြီး အီးယူရဲ့ အဆင့်မြင့် အရာရှိတွေက ပြောပါတယ်။

ဥရောပ အသိုင်းအဝိုင်း ဒီ့ထက်ပိုပြီး ပဲ့ မထွက် ရလေအောင် ပြင်သစ် အနေနဲ့ ဂျာမနီ နဲ့ အတူ ပူးပေါင်းပြီး လုပ်ဆောင်မယ် လို့ ပြင်သစ် သမ္မတ ဖရန်ဆွာ အိုလော်န့်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ