အီးယူထဲက ထွက်ရေး ဆွေးနွေးပွဲတွေကို ယူကေဘက်က အလျှင်စလို လုပ်မှာမဟုတ်

ဓာတ်ပုံ မူပိုင်
Image caption ရာထူးက ဖယ်ပေးမယ့် အကြောင်း ပြောခဲ့တဲ့ နောက်ပိုင်း ဗြိတိသျှ ပါလီမန် အမတ်တွေကို ပထမဆုံး အကြိမ် အနေနဲ့ မစ္စတာ ကင်မရွန်း မိန့်ခွန်းပြော။

ဗြိတိန် အနေနဲ့ အီးယူထဲက နှုတ်ထွက်ရေး ဆွေးနွေး ညှိနှိုင်း မှုတွေကို အလျှင်တလို လုပ်ဆောင် လာမှာ မဟုတ် ဘူး ဆိုပြီး ဗြိတိသျှ ဝန်ကြီး ချုပ် ဒေးဗစ် ကင်မရွန်းက အီးယူ ခေါင်းဆောင်တွေ ကို သတိပေး ပြောကြား လိုက်ပါတယ်။

နှုတ်ထွက်ရေး တရားဝင် လုပ်ငန်းစဉ် ဘယ်တော့ စတင် မလဲ ဆိုတာကို သူ့နေရာကို ဆက်ခံမယ့် ဝန်ကြီးချုပ် အသစ်က ဆုံးဖြတ် သွားမှာ ဖြစ်တယ်လို့ မစ္စတာ ကင်မရွန်းက ဆိုပါတယ်။

ဆန္ဒခံယူပွဲ ရလာဒ် ထွက်ပေါ် လာ ခဲ့အပြီး၊ ရာထူးက ဖယ်ပေးမယ့် အကြောင်း မစ္စတာ ကင်မရွန်း ပြောခဲ့တဲ့ နောက်ပိုင်း ဗြိတိသျှ ပါလီမန် အမတ်တွေကို ပထမဆုံး အကြိမ် အနေနဲ့ ပြောခဲ့တဲ့ မိန့်ခွန်းထဲ မစ္စတာ ကင်မရွန်းက အခုလို ထည့်သွင်း ပြောဆို လာတာ ဖြစ်ပါတယ်။

အီးယူထဲက နှုတ်ထွက်ရေး တရားဝင် ပြုလုပ်ဖို့ရာ ပုဒ်မ အမှတ် ၅ဝ ကို စတင် မသုံးစွဲမီ ဗြိတိန် အနေနဲ့ အီးယူနဲ့ အကြား ဘယ်လိုပုံစံ ဆက်ဆ့ရေး အသစ်မျိုး ထားရှိမလဲ ဆိုတာကို ဆုံးဖြတ် ရမှာ ဖြစ်တယ် လို့လည်း မစ္စတာ ကင်မရွန်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption အီးယူ အဖွဲ့ဝင် ဖြစ်နေရခြင်း အပေါ် အလိုမကျ ဖြစ်နေမှုတွေကို ကိုင်တွယ်ဖို့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်မယ်လို့ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ် ပြော။

အစောပိုင်း တုန်းကတော့ ၊ ဗြိတိန်က အီးယူထဲက နှုတ်ထွက်ရေးကို ဥပဒေကြောင်း အရ တရားဝင် စတင် မလာမချင်း၊ ဘယ်လို ပုံစံမျိုးနဲ့မှ ဗြိတိန်နဲ့ အကြား ဆွေးနွေးမှုတွေ ပြုလုပ်မှာ မဟုတ်ဘူး ဆိုပြီး၊ ဂျာမနီ၊ ပြင်သစ်နဲ့ အီတလီ ခေါင်းဆောင်တွေက ပြောခဲ့ပါတယ်။

ဗြိတိန် အနေနဲ့ အီးယူထဲက နှုတ်ထွက်တဲ့ အထိ ဖြစ်လာ ရတာဟာ ဝမ်းနည်းဖွယ်ရာ ဖြစ်ပြီး၊ အီးယူ အဖွဲ့ဝင် ဖြစ်နေရခြင်း အပေါ် အလိုမကျ ဖြစ်နေမှုတွေကို ကိုင်တွယ်ဖို့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်မယ်လို့ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ်က ပြောပါတယ်။

ဗြိတိန်ဘက်က နှုတ်ထွက်ရေး လုပ်ငန်းစဉ်တွေ စတင်ဖို့ နှောင့်နှေး နေမယ် ဆိုရင် နိုင်ငံရေးနဲ့ ဘဏ္ဍာရေး ဆိုင်ရာ မတည်ငြိမ်မှုတွေ ပိုဖြစ်ပေါ်လာမယ် ဆိုပြီး ပြင်သစ် သမ္မတ ဖရန်ဆွာ အိုလော်န့်က သတိပေး ပါတယ်။

အီးယူ နိုင်ငံတွေ ဘက်က ပြောဆိုမှုတွေကို ကြည့်ရင် စကားပြောပွဲတွေ တကယ်တမ်း စတင်လာပြီ ဆိုရင်လည်း ဗြိတိန် အနေနဲ့ အီးယူဘက်က ဘယ်လို သက်ညှာမှုမျိုး အခွင့်အရေး ပေးမှုမျိုးမှ ရရှိ နိုင်မှာ မဟုတ်ဘူး ဆိုတာ ပိုပိုပြီး ထင်ရှား လာပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ