ခရက်ဒစ် အေဂျင်စီတွေ ဗြိတိန်ရဲ့ အဆင့်အတန်းကို လျှော့ချ

stockexchange ဓာတ်ပုံ မူပိုင် AP
Image caption ရှယ်ယာ တန်ဖိုးတွေ ၂.၅ % စျေး အကျနဲ့ စျေးကွက် ပိတ်ခဲ့ ရ။

ဥရောပ သမဂ္ဂ အဖွဲ့အီးယူ ထဲက ထွက်ဖို့ ဆုံးဖြတ်ချက်ကြောင့် ဗြိတိန်ရဲ့ စီးပွားရေး မတည်မငြိမ် ဖြစ်လာတာမှာ၊ စီးပွားရေး အရ ဆက်ဆံဖို့ ဘယ်လောက် ယုံကြည် နိုင်လောက်လဲ ဆိုတာကို အကဲဖြတ်တဲ့ အေဂျင်စီ နှစ်ခုက ဗြိတိန် အပေါ် သူတို့ ပေးထားတဲ့ အဆင့်တွေကို လျှော့ချ လိုက်ပါတယ်။

လူထု ဆန္ဒခံယူပွဲ အဖြေဟာ ဗြိတိန် နိုင်ငံသားတွေရဲ့ ဘဏ္ဍာရေး တောင့်တင်းမှု အပေါ် ထိခိုက် နိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေ တိုးမြင့် လာနေတယ်လို့ Fitch ဆိုတဲ့ အေဂျင်စီ အဖွဲ့က ပြောသလို၊ Standard and Poor ဆိုတဲ့ အဖွဲ့ကလည်း ဗြိတိန်ကို သူတို့ ပေးထားတဲ့ အေသုံးလုံး အဆင့်အတန်းကို ပယ်ဖျက် လိုက်ပြီး ဒီ့ထက်မက လျော့ကျ သွားနိုင်တယ် လို့လည်း သတိ ပေး နေပါတယ်။

လန်ဒန် စတော့ စျေးကွက်မှာ ရှယ်ယာ တန်ဖိုးတွေ ၂.၅ % စျေး အကျနဲ့ စျေးကွက် ပိတ်ခဲ့ ရသလို၊ ပေါင်ငွေ တန်ဖိုးလည်း သောကြာနေ့ ကထက်ကို ပိုပြီး နောက်ထပ် ၃% ထပ်မံ ကျဆင်း ခဲ့ပါတယ်။

Image caption မစ္စတာ ကိုဘင်ကို လေဘာ အမတ်တွေ အယုံအကြည် မရှိ အဆိုတင်ပြီး၊ လျှို့ဝှက်မဲပေး ဆုံးဖြတ်မယ်။

တခါ၊ ဗြိတိန် အတိုက်အခံ နိုင်ငံရေး ပါတီ ဖြစ်တဲ့ လေဘာ ပါတီရဲ့ ခေါင်းဆောင် ဂျရမီ ကိုဘင် အပေါ် ပါတီဝင် ပါလီမန် အမတ်တွေက အယုံအကြည် မရှိ အဆို ဒီကနေ့ (ဇွန်လ ၂၈ ရက် အင်္ဂါနေ့ မှာ) တင်သွင်းပြီး ပါတီကို ဆက်လက် ဦးဆောင် စေမှာလား၊ နေရာက ဖယ်ရှား မလား ဆိုတာကို မဲခွဲ ဆုံးဖြတ် ကြတော့မှာ ဖြစ်ပါတယ်။

လေဘာ ပါလီမန် အမတ်တွေ ကြားထဲ တနင်္လာနေ့က အပြင်းအထန် ငြင်းခုံ ဆွေးနွေး ခဲ့ကြပြီး တဲ့နောက်၊ အယုံအကြည် မရှိ အဆိုကို အခုလို လျှို့ဝှက်မဲပေး ကြဖို့ ဆုံးဖြတ် ခဲ့တာပါ။

မစ္စတာကိုဘင်ဟာ အီးယူထဲ ဗြိတိန် ဆက်နေရေး အတွက် ဆော်ဩရာမှာ တက်တက်ကြွကြွ မရှိခဲ့ဘူး ဆိုပြီး လေဘာ အမတ် တော်တော်များများက ဒေါသ ထွက်နေကြပါတယ်။

မစ္စတာကိုဘင်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ ဘယ်လို ခေါင်းဆောင်မှု ကဏ္ဍ အတွက် ဖြစ်စေ မစ္စတာကိုဘင် ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ