EU ကဗြိတိန် ထွက်ခွာရင် ပြင်သစ် ဂျာမနီ ပူးပေါင်းကိုင်တွယ်မယ်

  • 27 ဇွန် 2016
ဓာတ်ပုံ မူပိုင် epa
Image caption ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အကြားမှာတော့ ပြင်းပြင်းထန်ထန် သဘောထား ကွဲလွဲခြင်းတွေ ဖြစ်ပေါ် နိုင်ကြောင်း ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လွန်း က သတိပေး

EU အဖွဲ့ဝင် အဖြစ် ဗြိတိန် နိုင်ငံ နှုတ်ထွက်ဖို့ ဆုံးဖြတ် ခဲ့တဲ့ အပေါ်မှာ ပြင်သစ် နဲ့ ဂျာမနီ နှစ်နိုင်ငံ အနေနဲ့ ပူးပေါင်း ကိုင်တွယ် သွားဖို့ သဘောတူညီမှု ရယူခဲ့ ကြပါတယ်။

ဒါပေမယ့် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အကြားမှာတော့ ပြင်းပြင်းထန်ထန် သဘောထား ကွဲလွဲခြင်းတွေ ဖြစ်ပေါ် နိုင်ကြောင်း ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လွန်း က သတိပေး ခဲ့ပါတယ်။

ဂျာမနီ နိုင်ငံ ဘာလင်မြို့မှာ ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လွန်း၊ ဂျာမနီ ဝန်ကြီးချုပ် အန်ဂျလာ မာကယ်၊ အီတလီ ဝန်ကြီးချုပ် မက်တီယို ရန်ဇီ နဲ့ ဥရောပ ကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ် တုစ် တို့ ဒီကနေ့ နှောင်းပိုင်းမှာ တွေ့ဆုံကြမှာပါ။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီဟာလည်း လန်ဒန် မြို့ကို ရောက် ရှိနေပြီး UK နဲ့ EU အနာဂတ် အတွက် ဗြိတိန် ခေါင်းဆောင် တွေနဲ့ တွေ့ဆုံ ဆွေးနွေး မှုတွေ ပြုလုပ်နေပါတယ်။

တနင်္လာ မနက်ခင်း အာရှ စတော့ ဈေးကွက်မှာတော့ စတာလင် ပေါင် ရဲ့ ဈေးနှုန်း ဟာ ၂.၆ ရာခိုင်နှုန်း အထိ ဆက်လက် ကျဆင်းလျှက် ရှိနေပါတယ်။

ဗြိတိန် ဘဏ္ဍာရေး ဝန်ကြီး ဂျော့ရှ် အော့စဘွန်း က UK အနာဂတ် အတွက် အသင့် ပြင်ဆင်ထားပြီး ဖြစ်ကြောင်းနဲ့ နိုင်ငံ စီးပွားရေး အတွက် လိုအပ်တဲ့ ပြုပြင်မှုတွေ ဆက်လက် လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ သတင်းစာ ရှင်းလင်း ပွဲမှာ ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ