EU ကနေ ဗြိတိန် အမြန်ထွက်ပေးဖို့ EU ခေါင်းဆောင်တွေပြော

  • 29 ဇွန် 2016
ဓာတ်ပုံ မူပိုင် AFP
Image caption EU နဲ့ ဗြိတိန် အနီးကပ်ဆုံး ဆက်ဆံရေး ထားရှိနိုင်မယ်လို့ မျှော်လင့်ကြောင်း ဝန်ကြီးချုပ် Cameron ပြော

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်စ်မြို့မှာ တွေ့ဆုံ ဆွေးနွေးနေတဲ့ EU ဥရောပ သမဂ္ဂ နိုင်ငံခေါင်းဆောင်တွေက EU ထဲကနေ ဗြိတိန် နှုတ်ထွက်ဖို့ အစီအစဉ်တွေ အမြန်ဆုံး ချမှတ် ရေးဆွဲဖို့ ဗြိတိန် အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဥရောပ ကော်မရှင် ဥက္ကဌ Jean-Claude Juncker က နောက်တဆင့် ဆက်ဆောင်ရွက်ရမယ့် ကိစ္စတွေအတွက် လနဲ့ချီ ကြံစည်နေစရာ မလိုကြောင်းနဲ့ ဗြိတိန် နိုင်ငံမှာ ဝန်ကြီးချုပ် သစ် တက်လာပြီ ဆိုတာနဲ့ EU ထဲကနေ နှုတ်ထွက်ဖို့နဲ့ ပတ်သက်တဲ့ ဥပဒေကြောင်း ယန္တရားတွေ ထွက်ပေါ်လာမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဂျာမနီ ဝန်ကြီးချုပ် Merkel ကလည်း ဗြိတိန်ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်ဖို့ အခွင့်အလမ်း မမြင်ဘူးလို့ ပြောသွားပါတယ်။

ဥရောပအနေနဲ့ ဒီကိစ္စအပေါ် လက်တွေ့ ကိုင်တွယ် ဖြေရှင်းသွားရမှာ ဖြစ်ပြီး EU နဲ့ ဗြိတိန်ရဲ့ အနာဂါတ် ဆက်ဆံရေးဟာ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေး ဖြစ်သင့်တယ်လို့ သူက ပြောပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် David Cameron ကလည်း ဗြိတိန်နိုင်ငံအနေနဲ့ EU ရဲ့ အပြင်ဘက်ကို ရောက်သွားပေမယ့် EU နဲ့ တတ်နိုင်သမျှ အနီးကပ်ဆုံး ဆက်ဆံရေး ထားရှိမယ်လို့ သူ့အနေနဲ့ မျှော်လင့်ကြောင်း ပြောပါတယ်။

ဝန်ကြီးချုပ် ရာထူးကနေ သူမနှုတ်ထွက်ခင် နောက်ဆုံး တက်ရောက်တဲ့ EU ထိပ်သီး ဆွေးနွေးပွဲဟာ တည်ငြိမ်ပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲ ဖြစ်တယ်လို့ ဝန်ကြီးချုပ် Cameron က ပြောပါတယ်။

ဒါပေမယ့်လည်း EU ကနေ နှုတ်ထွက်ဖို့ ဗြိတိန်ရဲ့ ဆုံးဖြတ်ချက်ကြောင့် တခြား EU နိုင်ငံခေါင်းဆောင်တွေဆီက ဝမ်းနည်းတဲ့ လေသံတွေ ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

EU နဲ့ ဗြိတိန်နိုင်ငံ ဆက်ဆံရေးသစ် ထားရှိတဲ့ အခါကျရင် ဆုံးရှုံးမှု တချို့ မရှိပဲနဲ့တော့ EUရဲ့ အကျိုးအမြတ်တွေ အားလုံးကို ဗြိတိန်နိုင်ငံ ခံစားဖို့ ဖြစ်နိုင်တော့မှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် Cameron က ပြောပါတယ်။