ဗြိတိန် ဝန်ကြီးချုပ် မပါပဲ အီးယူ ခေါင်းဆောင်တွေ တွေ့ဆုံ

  • 29 ဇွန် 2016
pro-eu demonstration
Image caption အီးယူထဲ ဆက်နေရေး ပါလီမန်ရှေ့ ချီတက် တောင်းဆို။

ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်ကို ချန်ရစ်ပြီး ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ ခေါင်းဆောင်တွေ ဘရပ်ဆဲလ်စ် မြို့တော်မှာ တွေ့ဆုံ နေကြပါတယ်။

အီးယူထဲကနေ နှုတ်ထွက်ဖို့ ဗြိတိန်ရဲ့ ဆုံးဖြတ်ချက်နဲ့ စပ်လျှင်းပြီး အီးယူ ခေါင်းဆောင်တွေ အလွတ် သဘော ဆွေးနွေး နေတာ ဖြစ်ပါတယ်။

နှုတ်ထွက်ရေး လုပ်ငန်းစဉ်ကို ဗြိတိန်ဘက်က အချိန်မဆွဲပဲ စတင်ဖို့ အီးယူက တောင်းဆို ထားပါတယ်။

ဗြိတိန်မှာ ဝန်ကြီးချုပ် အသစ် ပေါ်ပေါက် လာတာနဲ့ တပြိုင်တည်း အီးယူထဲက ထွက်ရေး တရားဝင် လုပ်ငန်းစဉ် စတင် လာသင့်တယ် ဆိုပြီး ဥရောပ ကော်မရှင် ဥက္ကဌ ယန်ကလော့စ် ယွန်ကာက ပြောပါတယ်။

ဗြိတိန် ပြည်တွင်း နိုင်ငံရေးကို ကြည့်ရင်တော့ အာဏာရ ကွန်ဆာဗေးတစ် ပါတီမှာ ပါတီခေါင်းဆောင် နဲ့ ဝန်ကြီးချုပ် သစ် ဖြစ်လာဖို့ ဘယ်သူတွေ ဝင်ပြိုင်မလဲ ဆိုတာကို ဒီကနေ့က စပြီး အဆိုပြု နိုင် ပြီ ဖြစ်ပါတယ်။

အီးယူက ထွက်ရေးကို ဦးဆောင် ဆော်ဩခဲ့တဲ့ လန်ဒန် မြို့တော်ဝန်ဟောင်း ဘောရစ် ဂျွန်ဆင်နဲ့ ထွက်ရေးကို ဆန့်ကျင်သူ လက်ရှိ ပြည်ထဲရေး အမျိုးသမီး ဝန်ကြီး ထရီဇာမေ တို့ နှစ်ဦး အဓိက ပြိုင်ဘက်တွေ ဖြစ်လာ လိမ့်မယ်လို့ မျှော်လင့် ရပါတယ်။

အဓိက အတိုက်အခံ ဖြစ်တဲ့ လေဘာ ပါတီကို ကြည့်ရင်လည်း လေဘာ ပါလီမန် အမတ် အများစုက ပါတီခေါင်းဆောင် ဂျရမီ ကိုဘင်ကို အယုံအကြည် မရှိ အဆိုကို ထောက်ခံ ခဲ့ပေမယ့် မစ္စတာ ကိုဘင်က ခေါင်းဆောင် နေရာက ဖယ်ပေးဖို့ ငြင်းဆန် ထားပါတယ်။

ဒါ့ကြောင့် လေဘာ ပါတီတွင်း တိုက်ပွဲတွေ သေခာပေါက် ဆက်လက် ရှိနေဦးမှာ ဖြစ်ပါတယ်။

စကော့တလန် အစိုးရ အကြီးအကဲ နီကိုလာ ဆတာဂျင် ကတော့ အီးယူ အာဏာပိုင်တွေနဲ့ တွေ့ဆုံဖို့ ဘရပ်ဆဲလ်စ် မှာ ရောက်နေပါတယ်။

ယူကေ နိုင်ငံ အနေနဲ့ အီးယူထဲက ထွက်ဖို့ ဆန္ဒခံယူပွဲ အဖြေ ထွက်ခဲ့ပြီး နောက်ပိုင်း၊ ဆက်နေရေးဘက် အလေးသာ ခဲ့တဲ့ စကော့တလန် အနေနဲ့ အီးယူနဲ့ အကြား အနာဂတ် ဆက်ဆံရေး ဘယ်လို ပုံစံ ဆက်ရှိ သွားမလဲ ဆိုတာကို ဆွေးနွေးဖို့ ဖြစ်ပါတယ်။

လောလောဆယ် ဥရောပ ပါလီမန် ဥက္ကဇ မာတင် ရှိုလ့်ဇ် နဲ့ တွေ့ဆုံ ခဲ့ပြီး ဖြစ်ကာ၊ ဥရောပ ကော်မရှင် ဥက္ကဌ ယန်း ကလော့ဒ် ယွန်ကာနဲ့လည်း မစ္စ ဆတာဂျင် ဆက်လက် တွေ့ဆုံမှာ ဖြစ်ပါတယ်။

အင်္ဂလန်ရဲ့ ပယောဂနဲ့ စကော့တလန်ပါ အီးယူထဲက ဆွဲထုတ် ခံရတဲ့ အဖြစ်မျိုး အရောက်မခံ နိုင်ဘူး၊ အီးယူထဲ စကော့တလန် ဆက်လက် ပါဝင် နိုင်ဖို့ စိတ် ပိုင်းဖြတ် ထားတယ် ဆိုပြီး မစ္စ ဆတာဂျင် က ပြောထားပါတယ်။

ယူကေ ဆန္ဒခံယူပွဲမှာ စကော့တလန် မဲ ၆၀% ကျော်ဟာ အီးယူထဲ ဆက်နေဖို့ မဲပေး ခဲ့ကြပြီး၊ အင်္ဂလန်က မဲတွေရဲ့ ၅၃% က ထွက်ရေးဘက် ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ