ယူကေ EU မဲရလဒ် နောက်ပိုင်း စတော့စျေးနှုန်း ပြန်တက်လာ

  • 30 ဇွန် 2016
ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန် ဒေါ်လာ၊ ယူရိုငွေတွေနဲ့ လဲနှုန်းမှာလည်း စတာလင်ပေါင် က အခုဆို ပြန်ခိုင်လာခဲ့ပြီ ဖြစ်

EU ထဲကနေ ဗြိတိန်နိုင်ငံထွက်တော့မှာကြောင့် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့တဲ့ ငွေကြေးစျေးကွက်တွေ မနေ့ကတော့ နည်းနည်း ပြန်တည်ငြိမ်လာခဲ့ပါတယ်။

နယူးယောက် ရှယ်ယာ စျေးနှုန်းတွေ အစောပိုင်းတုန်းက ပြန်တက်လာခဲ့သလို လန်ဒန် စတော့ခ်ရှယ်ယာ စျေးကွက်မှာလည်း ရှယ်ယာညွှန်းကိန်း ၂ရာခိုင်နှုန်းကျော် ပြန်တက်လာခဲ့ပါတယ်။

အခု ဆိုရင် FTSE စျေးနှုန်းတွေ ဟာလည်း ဗြိတိန်နိုင်ငံမှာ လူထု ဆန္ဒခံယူပွဲ ကျင်းပခဲ့တဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ စျေးပိတ်ချိန်က နှုန်းထက် ပြန်တက်လာခဲ့ပါပြီ။

အင်္ဂါနေ့တုန်းက ထိုးကျသွားခဲ့တဲ့ ကမ္ဘာ့ ရွှေစျေးကလည်း အခုအခါ ၀ဒဿမ ၄ ရာခိုင်နှုန်း ပြန်တက်လာခဲ့ပြီး တအောင်စကို အမေရိကန်ဒေါ်လာ ၁၃၁၇ဒေါ်လာ ၇၅ဆင့် စျေးရှိနေပါတယ်။

အမေရိကန် ဒေါ်လာ၊ ယူရိုငွေတွေနဲ့ လဲနှုန်းမှာလည်း စတာလင်ပေါင် က အခုဆို ပြန်ခိုင်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဗြိတိန်နိုင်ငံ လူထု ဆန္ဒ ခံယူပွဲ မကျင်းပခင် က ရှိခဲ့တဲ့ စတာလင် ပေါင်တန်ဘိုးအောက်ကိုတော့ အများကြီး ကျနေဆဲ ဖြစ်ပါတယ်။

အီးယူထဲကနေ ဗြိတိန်နိုင်ငံ ထွက်တော့မှာမို့ ကမ္ဘာ့ငွေကြေးစျေးကွက်ကို အခုလို အကြီးအကျယ် လှုပ်ခတ်သွားခဲ့မှုမျိုးဟာ လုံးဝ မဖြစ်သင့်ဘူး။ အဓိပ္ပါယ် လုံးဝ မရှိဘူးလို့ အမေရိကန်နိုင်ငံ ရှီကာဂိုမြို့မှာ ရှိတဲ့ BMO ပုဂ္ဂလိကဘဏ်ရဲ့ ထိပ်တန်း နည်းပညာရှင်တဦးက ပြောပါတယ်။

အီးယူထဲကနေ ဗြိတိန် ဆက်နေရေး မနေရေး လူထု ဆန္ဒ ခံယူပွဲ ကျင်းပအပြီး အခု သီတင်းတပတ် အကြာ အခု ကမ္ဘာ့ ငွေကြေးစျေးကွက် အထိုက်အလျောက် တည်ငြိမ်သွားပြီ ဖြစ်ပေမယ့်လို့ အဲဒီကနေ ထွက်ပေါ်လာတဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုက သိသာ ထင်ရှားနေဆဲ ဖြစ်ပါတယ်။

အရှေ့ကို မျှော်ကြည့်မယ် ဆိုရင် UK နဲ့ အီးယူအကြား ဘယ်လို ကုန်သွယ်မှု ဆက်ဆံရေးတွေ ရှိလာမလဲဆိုတာကို ရင်းနှီးမြှုပ်နှံသူတွေက မေးခွန်းထုတ်နေကြပြီး ဒါနဲ့ ပတ်သက်လို့ ကွဲကွဲပြားပြား သိရဖို့ကလည်း အချိန်ကြာအုံးမယ့်ပုံ ရှိနေသေးတယ်လို့ ဘီဘီစီ စီးပွားရေး သတင်းထောက် Andrew Walker က သတင်းပေးပို့ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ