အစ္စတန်ဘူလ် လေဆိပ်ကို တိုက်ခိုက်တာ IS တွေ လက်ချက်လို့ တူရကီ ပြော

  • 29 ဇွန် 2016
_turkey_attack
Image caption လေဆိပ်ကို တိုက်ခိုက်ခဲ့တဲ့ သေနတ်သမား စုစုပေါင်း ၃ ဦး ရှိပြီး အနည်းဆုံး လူ ၃၆ ယောက် သေဆုံး။

အစ္စတန်ဘူလ် မြို့တော်က နိုင်ငံတကာ လေဆိပ်ကို တိုက်ခိုက် ခဲ့သူတွေရဲ့ နောက်ကွယ်မှာ အစ္စလမ်မစ် နိုင်ငံ အဖွဲ့ IS လက်နက်ကိုင်တွေ ရှိနေတယ်လို့ ယုံကြည်တယ် ဆိုပြီး တူရကီ အာဏာပိုင်တွေက ပြောပါတယ်။

လေဆိပ်ကို တိုက်ခိုက်ခဲ့တဲ့ သေနတ်သမား စုစုပေါင်း ၃ ဦး ရှိပြီး အနည်းဆုံး လူ ၃၆ ယောက် သေဆုံး ခဲ့ရကာ လူ ၁၅၀ နီးပါးလည်း ဒဏ်ရာ ရရှိ ခဲ့ပါတယ်။

ဒဏ်ရာ ရသူတွေထဲက တချို့ အခြေအနေ စိုးရိမ် ရပါတယ်။

ပြည်ပ ထွက်ခွာ ခန်းမထဲ သေနတ်သမား တစ်ဦးက မောင်းပြန် ရိုင်ဖယ် သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် ခရီးသည်တွေ ပုန်းအောင်းစရာ အကာအကွယ်တွေ ရအောင် ကစဉ့်ကလျား ထွက်ပြေး ခဲ့ကြရပါတယ်။

အဲဒီ့နောက် သေနတ်သမား ၃ ဦး စလုံးဟာ ဆိုက်ရောက် ခန်းမထဲ ဒါမှမဟုတ် အနီးမှာ အသေခံဗုံးခွဲ ခဲ့တယ်လို့ မျက်မြင် သက်သေတွေနဲ့ တာဝန် ရှိသူတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေ တော်တော် များများကို ခေါ်ယူ သွားခဲ့တဲ့ ဆေးရုံရဲ့ အပြင်ဘက်မှာ စိုးရိမ် ပူပန် နေကြတဲ့ ဆွေမျိုး သားချင်းတွေ စုဝေး ရောက်ရှိ နေပါတယ်။

တချို့က အော်ဟစ် ငိုယို နေကြပြီး၊ တချို့ကလည်း အစိုးရဘက်က ဘာ သတင်း အချက်အလက်မှ ထုတ်ပြန် မပေးလို့ ဆိုပြီး ဒေါသတကြီး ပြောဆို နေပါတယ်။

တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့ လေဆိပ်ထဲ က နေရာကို ရိုက်ကူး ထားတဲ့ ဓာတ်ပုံတွေ အရ အဝတ်တွေ ဖုံးလွှမ်းထားတဲ့ ရုပ်အလောင်းတွေ၊ ပြန့်ကျဲနေတဲ့ ခရီးဆောင် အိတ်တွေ၊ မှန်ကွဲစတွေ တွေ့နေရပါတယ်။

အခုလို အစ္စတန်ဘူလ် လေဆိပ် အတိုက်အခိုက် ခံလိုက်ရတာဟာ IS အဖွဲ့ကို ချေမှုန်းရေး အတွက် အလှည့်အပြောင်း ဖြစ်လာလိမ့်မယ် ဆိုပြီး တူရကီ သမ္မတ ရာဂျိပ် တိုင်ရစ်ပ် အာဒိုအန်က ပြောပါတယ်။

အစ္စတန်ဘူလ် လေဆိပ် ကံကြမ္မာမျိုး ကမ္ဘာ အနှံ့က ဘယ် လေဆိပ်မှာ မဆို ဖြစ်လာ နိုင်တဲ့ အတွက် နိုင်ငံတကာ အစိုးရတွေ အားလုံး IS အဖွဲ့ ချေမှုန်းရေးထဲ ပူးပေါင်း ပါဝင်ကြပါ လို့ သမ္မတ အာဒိုအန်က တိုက်တွန်း လိုက်ပါတယ်။

အမေရိကန် အစိုးရကလည်း ဒီ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချ လိုက်ပြီး၊ နေးတိုး စစ်ရေး မဟာမိတ် အဖွဲ့ဝင်ချင်း ဖြစ်တဲ့ တူရကီ အပေါ် အမေရိကန် ဘက်က ခိုင်ခိုင်မာမာနဲ့ ဆက်လက် အားပေး ကူညီ သွားမယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းကလည်း တိုက်ခိုက်မှု ကျူးလွန်သူ လက်သည်တွေကို ဥပေဒေ ရှေ့မှောက် အရောက်ပို့ နိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်း ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ