ယူကေ တိုရီ ပါတီ ခေါင်းဆောင်အဖြစ်ရွေးခံမယ့်သူတွေ ပြောင်းလဲ

  • 1 ဇူလိုင် 2016
Image caption အီးယူထဲကနေ UK ထွက်ဖို့ သူဦးဆောင် စည်းရုံး လှုပ်ရှားခဲ့တာဟာ ဝန်ကြီးချုပ်နေရာကို လိုချင်လို့ ဆိုပြီး လူအတော်များများက သံသယ ဖြစ်ခဲ့ကြ

လစ်လပ်သွားတဲ့ ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင်ပိုင်း နေရာကို ဝင်ရွေးမယ့် အထဲမှာ လန်ဒန် မြို့တော်ဝန်ဟောင်း Boris Johnson ကတော့ ပါတော့မှာ မဟုတ်ပါဘူး။

လုပ်ဖော်ကိုင်ဖက်တွေနဲ့ တိုင်ပင်ပြီး ပါလီမန်တွင်း အခြေအနေ အမြင် သဘောထားတွေအရ ပါတီခေါင်းဆောင်ပိုင်းနေရာကို သူဝင်ပြိုင်တော့မှာ မဟုတ်ဘူးလို့ Boris Johnson က ထုတ်ဖော်ကြေညာခဲ့ပါတယ်။

အီးယူထဲကနေ UK ထွက်ဖို့ သူဦးဆောင် စည်းရုံး လှုပ်ရှားခဲ့တာဟာ ဝန်ကြီးချုပ်နေရာကို လိုချင်လို့ ဆိုပြီး လူအတော်များများက သံသယ ဖြစ်ခဲ့ကြပြီး သူ့လက်ချက်ကြောင့် ပါတီကို အကြီးအကျယ် ထိခိုက်ခဲ့ရတယ်ဆိုပြီး လုပ်ဖော်ကိုင်ဖက် ပါလီမန် အမတ်တချို့က ဒေါသထွက်နေကြပါတယ်။

အီးယူပြင်ပ ရောက်နေတဲ့ ဗြိတိန်နိုင်ငံကို ဦးဆောင်နိုင်မယ့်သူလို့ သူ့ကို တချို့က အယုံအကြည် မရှိကြသလို တချို့ကလည်း သူဟာ နည်းနည်းတော့ သူများထက် ခပ်ကြောင်ကြောင် နိုင်တဲ့သူလို့ ယူဆနေကြပါတယ်။

ဒါပေမယ့်လည်း ပါတီခေါင်းဆောင်ပိုင်းနေရာကို သူဝင်မပြိုင်တော့ဘူးလို့ ထုတ်ဖော် ကြေညာလိုက်တုန်းက အတော့်ကို အံ့အားသင့်သွားခဲ့ကြပါတယ်။

သူနဲ့အတူ အီးယူထဲကနေ UK ထွက်ဖို့ အတူ ဦးဆောင် စည်းရုံး လှုပ်ရှားခဲ့သူတဦးဖြစ်တဲ့ တရားရေး ၀န်ကြီး Michael Gove ကတော့ Boris Johnsonဟာ ပါတီကို ဖြစ်စေ တိုင်းပြည်ကို ဖြစ်စေ ဦးဆောင်ဖို့ မသင့်တော်ဘူး ဒါ့ကြောင့် သူဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ ဆိုပါတယ်။

တခါ ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင်ပိုင်းအတွက် လူကြိုက်အများဆုံး ဖြစ်နေသူ ကတော့ အီးယူထဲမှာ UK ဆက်နေဖို့ ထောက်ခံခဲ့သူ ပြည်ထဲရေး ဝန်ကြီး Theresa May ပဲ ဖြစ်ပါတယ်။

အခု အီးယူထဲက ဗြိတိန် ထွက်လိုက်ပြီ ဆိုတော့ အဲဒီ အတိုင်း ဆက်သွားရမှာဖြစ်တယ်။ အခုချိန်မှာ သူ့လို တည်ငြိမ်တဲ့ နိုင်ငံရေးသမားမျိုး ကို တိုင်းပြည်က လိုအပ်နေတယ်လို့ Theresa May က ဆိုပါတယ်။

ဒီတော့ ပါတီ ခေါင်းဆောင်အရိုက်အရာကို ဘယ်သူကပဲ ဆက်ခံ ဆက်ခံ ပါတီတွင်း ဗရုတ်သုက္ခတွေ၊ အချင်းချင်း စွပ်စွဲ ပြောဆိုမှုတွေ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေကြားကနေ ကွန်ဆာဗေးတစ် ပါတီ အနေနဲ့ အီးယူထဲကနေ ဗြိတိန်နိုင်ငံ ထွက်လိုက်တဲ့ ကိစ္စကို ဘယ်နည်းနဲ့ မဆို အကောင်အထည်ဖေါ် ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ ဘီဘီစီ နိုင်ငံရေး သတင်းထောက် Rob Watson က သုံးသပ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ