ဗြိတိန်မှာ စီးပွားရေး အခွန် လျှော့ကောက်မယ်

  • 3 ဇူလိုင် 2016
cn_osborne_visit ဓာတ်ပုံ မူပိုင် Reuters
Image caption အမြတ်ခွန် လျှော့ကောက်မယ်လို့ ဂေျာ့ချ် အော့စ်ဘွန်း ပြော။

ဗြိတိန်နိုင်ငံမှာ စီးပွားရေး အမြတ်ခွန်ကို လျှော့ပြီး ကောက်ခံဖို့ လုပ်ဆောင်လာမယ့် အစီအစဉ်တွေကို ဘဏ္ဍာရေး ဝန်ကြီး ဂျော့ချ် အော့စ်ဘွန်း ထုတ်ပြော လာပါတယ်။

ဥရောပ သမဂ္ဂ အဖွဲ့ အီးယူထဲကနေ ဗြိတိန် နှုတ်ထွက်ဖို့ လူထု ဆန္ဒ ခံယူပွဲ အဖြေ ထွက် လာခဲ့ ပြီးတဲ့နောက်၊ နိုင်ငံ အတွင်း လာရောက် ရင်းနှီးမြှုပ်နှံမှုတွေ လျော့နည်း မသွားအောင် အစိုးရဘက်က ကြိုးစားလာတာ ဖြစ်ပါတယ်။

စီးပွားရေး အခွန်အတုပ်တွေကို ရာခိုင်နှုန်း ၂၀ ပေးဆောင် နေရတာ ကနေ ၁၅ ရာခိုင်နှုန်း အောက်ထိ လျှော့ချလိုတယ် ဆိုပြီး မစ္စတာ အော့စ်ဘွန်းက the Financial Times သတင်းစာကို ပြောပါတယ်။

ပြီးခဲ့တဲ့ လက ကျင်းပခဲ့တဲ့ လူထု ဆန္ဒခံယူပွဲမှာ အီးယူကနေ ထွက်မယ် ဆိုတဲ့ ဘက် အလေးသာ ခဲ့တဲ့ နောက်ပိုင်း၊ ဗြိတိန် နိုင်ငံတွင်း ဖြစ်ပေါ် လာတဲ့ ဘဏ္ဍာရေး ဆိုင်ရာ မသေချာ မရေရာမှုတွေဟာ ရင်းနှီးမြှုပ်နှံ လိုသူတွေ ကို တွန့်ဆုတ် သွားစေတာ ကြောင့် အစိုးရဘက်က အခုလို စီမံ လာတာ ဖြစ်တယ် ဆိုပြီး ဘီဘီစီရဲ့ စီးပွားရေး ဆိုင်ရာ သတင်းထောက် က ပြောပါတယ်။

တခါ၊ ဗြိတိသျှ အစိုးရ အနေနဲ့ ပါလီမန် သဘောတူညီမှု မပါပဲ အီးယူထဲက ထွက်ဖို့ တရားဝင် လုပ်ငန်းစဉ် စတင်တာမျိုး လုပ်လာရင် တားဆီး နိုင်ဖို့ အတွက် ဥပဒေကြောင်း ဆိုင်ရာ လိုအပ်တာတွေ လုပ်ဆောင် ထားတယ် လို့ လန်ဒန် အခြေစိုက် ရှေ့နေ အဖွဲ့ဖြစ်တဲ့ မစ်ရှ် ကွန်ဒါ ရဲ Mishcon de Reya အဖွဲ့က ပြောလာပါတယ်။

ပါလီမန်ရဲ့ စိစစ် ထိန်းချုပ်မှုနဲ့ ခွင့်ပြုချက်တွေ မပါပဲ အစိုးရ သက်သက်က လုပ်ဆောင်မယ် ဆိုရင် တရားမဝင် လုပ်ရပ် ဖြစ်ပြီး ဥပဒေကြောင်း အရ စိန်ခေါ် သွားနိုင်မှာ ဖြစ်တယ်လို့လည်း အဲဒီ့ အဖွဲ့က ဆိုပါတယ်။

ဒီ အကြောင်း အစိုးရ ရှေ့နေတွေ ဆီ စာရေးသား ပေးပို့ ခဲ့ပြီ ဖြစ်တယ်လို့ မစ်ရှ် ကွန်ဒါ ရဲ အဖွဲ့က ပြောပါတယ်။

သူတို့ရဲ့ အမှုသည်တွေရဲ့ ညွှန်ကြားချက် အရ အခုလို ဆောင်ရွက် လာတာ ဖြစ်တယ်လို့ မစ်ရှ် ကွန်ဒါ ရဲ အဖွဲ့က ဆိုပေမယ့်၊ သူတို့ အမှုသည်တွေ ဆိုတာ ဘယ်သူဘယ်ဝါတွေ ဖြစ်တယ်၊ ဒါမှ မဟုတ် ဘယ် အဖွဲ့အစည်း ဖြစ်တယ် ဆိုတာကိုတော့ ထုတ် မပြောပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ