ကွန်ဆာဗေးတစ် ခေါင်းဆောင်ရွေးပွဲ ပထမကျော့ ပြည်ထဲရေး ဝန်ကြီး အပြတ်အသတ် နိုင်

conservative_leadership_
Image caption မဲအများဆုံး ရခဲ့တဲ့ ထရီဇာမေနဲ့ အနည်းဆုံးရခဲ့တဲ့ လီယမ်း ဖောက်စ်။

ဗြိတိန်နိုင်ငံမှာ အာဏာရ ကွန်ဆာဗေးတစ် ပါတီရဲ့ ခေါင်းဆောင် နေရာကို ရွေးကြတဲ့ ပထမဆုံး အကျော့မှာတော့ လက်ရှိ ပြည်ထဲရေး အမျိုးသမီး ဝန်ကြီး ထရီဇာမေက မဲ ပြတ်ပြတ် သားသားနဲ့ နိုင်ခဲ့ပါတယ်။

ပါတီ ခေါင်းဆောင် ဖြစ်လာသူဟာ လက်ရှိ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် ဆီက ဝန်ကြီးချုပ် နေရာကို လွှဲပြောင်း ရယူ ရမှာ ဖြစ်ပါတယ်။

အခု ရလာဒ်ကို ကြည့်ရင် ဝင်ပြိုင်တဲ့ သူတွေထဲ တပါတီလုံး ရဲ့ ထောက်ခံမှုကို ရတဲ့ သူ ဆိုလို့ သူ တစ်ယောက်ပဲ ရှိတယ် ဆိုပြီး ထရီဇာမေက ပြောပါတယ်။

ဝန်ကြီး ထရီဇာ မေ ဟာ အီးယူထဲ ဗြိတိန် ဆက်လက် ပါဝင်ရေးကို ထောက်ခံခဲ့သူ ဖြစ်ပြီး၊ အခု ပါတီ ခေါင်းဆောင် နေရာကို သူနဲ့ အနီးကပ်ဆုံး ယှဉ်ပြိုင် နေတဲ့ အင်ဒရေယာ လက်ဒ်ဆမ် ကတော့ အီးယူက ထွက်ရေး အပေါ် ထောက်ခံ ခဲ့သူ ဖြစ်ပါတယ်။

အခု ပထမ အကျော့မှာ မဲ အနည်းဆုံး ရတဲ့ လီယမ်း ဖောက်စ် တော့ နောက် တဆင့် ပြိုင်ခွင့် ရမှာ မဟုတ်ပဲ၊ စတီဗင် ခရက်ဘက် လည်း နှုတ်ထွက် သွားပြီ ဖြစ်ပါတယ်။

ဒါ့ကြောင့် ယှဉ်ပြိုင်သူ ၃ ဦးသာ ကျန်တော့မယ့် ဒုတိယ အကျော့ ရွေးပွဲကို လာမယ့် ကြာသပတေးနေ့ ဇူလိုင် ၇ ရက် နေ့ ကျရင် ကျင်းပ မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ