ဟီလာရီကို အီးမေးလ်ကိစ္စ ရာဇဝတ်မှုနဲ့ စွဲချက်တင်ဖို့ FBI က အကြံပြုမှာ မဟုတ်

  • 5 ဇူလိုင် 2016
_fbi_clinton_email_
Image caption လာရီ ကလင်တန် ရဲ့ အပြုအမူဟာ အင်မတန် ပေါ့လျော့တယ်လို့ ပြောနိုင်

အမေရိကန် ပြည်ထောင်စုမှာ ဒီမိုကရက်တစ် သမ္မတလောင်း ဖြစ်လာတော့မယ့် ဟီလာရီ ကလင်တန်ကို ရာဇဝတ်မှု ပုဒ်မတပ် တရားစွဲဆိုဖို့ သက်ဆိုင်ရာ တရားရေး အာဏာပိုင်တွေထံ သူတို့ ဘက်က အကြံပြု တောင်းဆိုမှာ မဟုတ်ဘူး ဆိုပြီး FBI ထောက်လှမ်းရေး အဖွဲ့က ပြောပါတယ်။

ဟီလာရီ ကလင်တန် နိုင်ငံခြားရေး ဝန်ကြီး အဖြစ် တာဝန်ယူ ခဲ့စဉ် တုန်းက အစိုးရ ရုံး ကိစ္စတွေကို ကိုယ်ပိုင် အီးမေးလ် အသုံးပြုပြီး စာပေး စာယူ လုပ်ခဲ့တဲ့ အပေါ် FBI အဖွဲ့က လူတွေ့ မေးမြန်း တာတွေ လုပ်ခဲ့ အပြီးမှာ အခုလို ပြောလာတာ ဖြစ်ပါတယ်။

ဟီလာရီ ကလင်တန် ရဲ့ အပြုအမူဟာ အင်မတန် ပေါ့လျော့တယ်လို့ ပြောနိုင်ပေမယ့် ကြံရွယ်ချက် ရှိရှိ ကျူးလွန်တဲ့ လက္ခဏာ မျိုးတော့ မတွေ့ ရှိရဘူး ဆိုပြီး FBI ညွှန်ကြားရေးမှုး ဂျိမ်းစ် ကိုမီက ပြောပါတယ်။

မစ္စစ် ကလင်တန် အနေနဲ့ သူ့ ပြုမူခဲ့တာ မှားယွင်းတယ် ဆိုတဲ့ အချက် အပေါ် အသိအမှတ် ပြုပြီး၊ အခု အချိန်မှာတော့ ဒီ ကိစ္စချင်းရာ နဲ့ ပတ်သက်ပြီး အားလုံး ပြေလည် သွားပြီလို့ ယူဆ ထားကြောင်း ဟီလာရီ ကလင်တန်ရဲ့ မဲဆွယ်ပွဲ တာဝန်ခံ တစ်ဦးက ဆိုပါတယ်။

အခုလို မစ္စစ် ကလင်တန် အပေါ် FBI ရဲ့ စုံစမ်း စစ်ဆေးခဲ့မှု အပေါ် သမ္မတ အိုဘားမား အနေနဲ့ မှတ်ချက် တစုံတရာ ပေးတာမျိုး ပြုလုပ်မှာ မဟုတ်တဲ့ အပြင်၊ ကြားဝင် ဟန့်တားတဲ့ ပုံမျိုး မပေါက်အောင်ကို ဂရုတစိုက် ပြုမူ ခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ဒါပေမယ့် မြောက်ကာရိုလိုင်းနား မှာ ပြုလုပ်ခဲ့တဲ့ ဟီလာရီ ကလင်တန်ရဲ့ မဲဆွယ်ပွဲမှာ သမ္မတ အိုဘားမားလည်း ပထမဆုံး အကြိမ် မစ္စစ် ကလင်တန်ရဲ့ နံဘေး ယှဉ်တွဲပြီး ပါဝင် ခဲ့ပါတယ်။

Image caption ဒေးဗစ်ကြယ်လို့ ခေါ်တဲ့ ခြောက်ထောင့်ကြယ်ဟာ ဂျူး ဘာသာဝင်တို့ရဲ့ သင်္ကတ။

တခါ၊ သမ္မတအဖြစ် အပြိုင် အရွေးခံလာ တော့မယ့် ဒေါ်နယ် ထရမ့်က ဟီလာရီ ကလင်တန် ရဲ့ မျက်နှာပုံ ကို ပိုက်ဆံ အပုံလိုက် နောက်ခံ ထားပြီး၊ အကျင့်အပျက်ဆုံး သမ္မတလောင်း ဆိုပြီး ရေးထားတဲ့ ခြောက်ထောင့် ကြယ်ပုံ တစ်ခုလည်း ပါဝင်နေတဲ့ ပုံကိုအင်တာနက် လူမှု ကွန်ရက် စာမျက်နှာ ဖြစ်တဲ့ တွစ်တာပေါ် တင်ခဲ့တဲ့ လုပ်ရပ် ဟာ ဂျူးဆန့်ကျင်ရေး လုပ်ရပ် အဖြစ် အဝေဖန် ခံနေရပါတယ်။

ဒေးဗစ်ကြယ်လို့ ခေါ်တဲ့ ခြောက်ထောင့်ကြယ်ဟာ ဂျူး ဘာသာဝင်တို့ရဲ့ သင်္ကတ တစ်ခု ဖြစ်ပါတယ်။

အမေရိကန် အောက်လွှတ်တော် ဥက္ကဌ ပေါလ်ရိုင်ယန် က သူ့ရဲ့ ရီပတ်ဘလစ်ကင် ပါတီကို ကိုယ်စားပြုပြီး သမ္မတလောင်း ဖြစ်လာမယ့် ဒေါ်နယ်ထရမ့် ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန် ဝေဖန်ပြီး၊ သမ္မတ မဲဆွယ်ပွဲမှာ ဂျူးဆန့်ကျင်ရေး ပုံရိပ်တွေ အတွက် နေရာ မရှိဘူး လို့ ပြောပါတယ်။

ဒေါ်နယ်ထရမ့်က တွစ်တာပေါ်က ပုံမှာ ကြယ် နေရာကို စက်ဝိုင်းပုံနဲ့ နောက်ပိုင်း ပြန် အစားထိုး ခဲ့ပေမယ့်၊ ခြောက်ထောင့်ကြယ် ဆိုတာ အမေရိကန် ဒေသန္တရ ရဲတွေ ရင်ဘတ်မှာ ထိုးထားတဲ့ တံဆိပ်လည်း ဖြစ်နိုင်တာပဲ လို့ ပြောခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ