တူနီးရှား ကျောင်းသားတွေ ပျားမွေး

  • 7 ဇူလိုင် 2016
honey
Image caption အမေရိကန်က တူနီးရှား ပျားရည်ယူဖို့ စိတ်ဝင်စား

တူနီးရှားမှာ ကျောင်းသားတွေက ဦးစီးပြီး ပျားမွေးကြပါတယ်။

တူးနစ် မြို့တော်က စီးပွားရေး ကျောင်းတကျောင်းက ကျောင်းသားတွေက နိုင်ငံရဲ့ အခေါင်းပါးဆုံး ဒေသတွေမှာ ပျားမွေးဖူးတဲ့သူ တွေ ရွေးပြီး ပျားရည် ကောင်းကောင်းနဲ့ များများထွက်အောင် လေ့ကျင့် သင်ကြား ပေးပါတယ်။

ပျားအုံ တလုံးကို ဒေါ်လာ ၇ဝ လောက်တန်ပါတယ်။ ဒီကနေ ၃ နှစ်ကြာတဲ့ အချိန်မှာ ပျားရည် တပိဿာလောက် ပြန်ပေးရပါတယ်။

အဲဒီနောက် ပျားအုံကို မွေးတဲ့သူတွေ ရပါတယ်။

Image caption တူနီးရှားက ပျားမွေးသူတွေ

ဒီစီမံကိန်းက သူတို့ကျောင်းက ပါမောက္ခ တယောက် တိုက်တွန်းမှုနဲ့ စခဲ့တာပါ။ စာသင်ရင်း စီးပွားရေး အတွေ့အကြုံ ယူဖို့ပါပဲ။

ကျောင်းသားတွေက သူတို့ ပျားမမွေးဖူးပေမယ့် ပါမောက္ခကြီး တပည့် တယောက်က ပျားရည် အထွက်တိုးဖို့ အားပေးတဲ့ စီးပွားရေးကို လုပ်နေပါတယ်။

အဲဒီမှာ ပျားအုံတွေနဲ့ ပျားတွေကို သေချာ ဂရုစိုက် ထိန်းသိမ်းပါတယ်။ ပျားအုံ အပူချိန်နဲ့ စိုထိုင်းဆ တွေကို အမြဲ စောင့်ကြည့်ပါတယ်။

အဲဒီ ကုမ္ပဏီ ပိုင်ရှင်က ပျားအုံတွေနဲ့ ကျွမ်းကျင်မှုတွေ ကူညီတဲ့ အပြင် ပျား ဆရာဝန် တယောက်ကလည်း သူတို့ကို ကူပါတယ်။

ပျားမွေးရာမှာ အဓိက မှားယွင်း လုပ်ဆောင်ကြတာက ပျားတွေကို သကြားတွေ ကျွေးတာပါ။

ဒါကြောင့် ပျားရည် ပိုထွက်ပေမယ့် ပျားရည် အနံ့ အရသာ ပျက်စီးပါတယ်။

ပျားအုံ ယူမွေးသူတွေက အပိုဝင်ငွေ ရချင်လို့ မွေးကြတာပါ။

ဓာတ်ပုံ မူပိုင် REUTERS
Image caption အလုပ်အကိုင်ရှားလို့ ဆန္ဒပြတဲ့ တူနီးရှား

တူနီးရှားမှာ စီးပွားရေး မကောင်းလို့ လူတွေမှာ အလုပ်တခုတည်းနဲ့ မလောက်င ပါဘူး။

ဒီပျားမွေးလုပ်ငန်းကြောင့် ဆင်းရဲတဲ့ တောနယ်တွေက လူတွေ၊ အထူးသဖြင့် အမျိုးသမီးတွေ ပိုချောင်လည်လာမယ်လို့ မျှော်လင့်ကြပါတယ်။

တိုတယ်နဲ့ ရှဲလ်လို ရေနံ ကုမ္ပဏီတွေနဲ့ မိုက်ကရိုဆော့ဖ်လို ကွန်ပျူတာ ကုမ္ပဏီတွေဆီက ထောက်ပံ့မှု ယူပြီး ပျားလုပ်ငန်းကို ချဲ့ဖို့ ကြိုးစားနေပါတယ်။

လောလောဆယ် အမေရိကန် ကုမ္ပဏီ တခုက တူနီးရှား ပျားရည်ကို ယူဖို့ စိတ်ဝင်စား ပါတယ်။

တူနီးရှားမှာ ပျားမွေးသူ တသောင်း ကျော်ပြီး ပျားအုံက ၂ သိန်းခွဲလောက် ရှိပါတယ်။

ဒီမှာ ပျားရည်က တအုံကို တနှစ် ၃ ပိဿာ လောက်ပဲ ရတာပါ။ ဗြိတိန်မှာဆို သူတို့ထက် ၃ ဆပိုရပြီး ဂျာမနီမှာ ၈ ဆ လောက်ပိုထွက်ပါတယ်။

ဒီ စီမံကိန်းကြောင့် ပျားရည် အထွက်တိုးပြီး လူတွေ အတွက် ငွေဝင်လမ်းတခု ရလာမယ်လို့ မျှော်လင့်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ