လူမည်းနှစ်ယောက် သေဆုံးမှုအတွက် သမ္မတအိုဘားမား စိုးရိမ်ကြောင်းပြော

  • 7 ဇူလိုင် 2016
အမေရိကန်မှာလူမည်းတွေကို ပစ်ခတ်မှုမကြာခနဖြစ် ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန်မှာ လူမည်းတွေကို ပစ်ခတ်မှုမကြာခနဖြစ်

မီနီဆိုတာပြည်နယ်မှာ Phinlando Castile ဆိုသူ လူမည်း တယောက်ကို မီးပွိုင့်မှာ ရပ်စစ်ဆေးစဉ်ရဲက ပစ်သတ်မှုအတွက် လူတွေ ကန့်ကွက် ဆန္ဒပြနေကြပါတယ်။ အင်္ဂါနေ့တုန်းကလည်း လူဝီဆီယား နားပြည်နယ်မှာ Alton Sterling ဆိုသူလူမည်း တယောက်ကို ရဲကပစ်သတ်ပြီး နောက်တရက်မှာ အခုပစ်သတ်မှု ထပ်မံ ဖြစ်ပွားတာပါ။

သမ္မတ အိုဘားမားက အခုပစ်သတ်ခံရတာတွေကြည့်ရင် သီးခြားဖြစ်ရပ်တွေလို့ ပြောလို့မရကြောင်း အမေရိကန်မှာ အလွန်စိုးရိမ်စရာ ပြဿနာမျိုး ဖြစ်လို့ နိုင်ငံတခုလုံးအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုကြောင်းပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အာဖရိက နွယ်ဖွား အမေရိကန်တွေကို ရဲကပစ်သတ်လို့ သေဆုံးတဲ့ အငြင်းပွားစရာ ပြဿနာတွေထဲက အခုပစ်ခတ်မှုနှစ်ခုကြောင့် အသက်သေဆုံးတဲ့ အထိ အင်အားသုံးဖို့ လိုမလို တနိုင်ငံလုံးမှာ ငြင်းခုံစရာ ဖြစ်ခဲ့ပါတယ်။

ဒီပစ်ခတ်မှုအတွက် ဖယ်ဒရယ်ဗဟိုအစိုးရ အဆင့်က စုံစမ်းစစ်ဆေးဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Mark Dayton ကတောင်းဆိုလိုက်ပါတယ်။ နောက်တခါအခု ဆိုရှယ်မီဒီယာတွေမှာ ပြန့်နေတဲ့ လူမည်းကိုပစ်သတ်ခံရတဲ့ ဗီဒီယိုနဲ့ပတ်သက်လို့ အလွန်စိုးထိတ်ဖို့ ကောင်းကြောင်း Dayton က ဆက်ပြောပါတယ်။

ရဲတွေဘက်ကတော့ မီးပွိုင့်မှာ လူမည်းတယောက် အသတ်ခံရပြီး အဲဒီနေရာက သေနတ် တလက် မိလို့ စုံစမ်းနေတယ်လို့ ပြောပါတယ်။ အခုအခါ ပြည်နယ် အုပ်ချုပ်ရေးမှူး အိမ်ရှေ့မှာလူတွေ ဆန္ဒပြနေကြပါတယ်။

ဒါဟာ အခု သီတင်းပတ်အတွင်း နှစ်ယောက်မြောက် လူမည်းတွေ အသတ်ခံရတဲ့ကိစ္မမှာ ပစ်ခတ်မှု နှစ်ခုစလုံးကို ဗွီဒီယိုရိုက်ထားပြီး ဆိုရှယ် မီဒီယာတွေမှာ တင်ထားလို့ မြင်ရသူတွေ ဒေါသထွက်ရာကနေ ဆန္ဒပြမှုတွေ ဆက်ဖြစ်နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ