ဒါးလပ်စ် ပစ်ခတ်မှုကြောင့် အလံတိုင် တစ်ဝက်ချ ဖို့ အိုဘားမား အမိန့်ထုတ်

  • 8 ဇူလိုင် 2016
_dallas_police_shooting
Image caption အမေရိကန် စစ်တပ်ရဲ့ အရံတပ်ရင်း အဖွဲ့ဝင်ဟောင်း မိုက်ကာ ဂျွန်ဆင်က လူဖြူရဲတွေ ကို သတ်ချင်တယ်လို့ ထွက်ဆိုခဲ့။

အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ်၊ ဒါးလပ်စ် မြို့မှာ သေနတ် သမား တစ်ဦးရဲ့ လက်ချက်နဲ့ သေဆုံး ခဲ့ရတဲ့ ရဲ တပ်ဖွဲ့ဝင် ၅ ဦး အတွက် ဝမ်းနည်းခြင်း အထိမ်း အမှတ် အနေနဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ အဆောက်အဦတွေမှာ အလံတိုင် တစ်ဝက်သာ လွှင့်ထူ ကြဖို့ သမ္မတ အိုဘားမားက အမိန့် ထုတ် ခဲ့ပါတယ်။

အသေအချာ တွက်ချက်ပြီး ရက်ရက်စက်စက် ကျူးလွန် သတ်ဖြတ် ခဲ့တာ ဖြစ်တယ်လို့လည်း သမ္မတ အိုဘားမားက ဆိုပါတယ်။

ရဲတွေက ပစ်ခတ်လို့ လူမည်းတွေ သေဆုံး နေရတဲ့ အပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြ ချီတက်ပွဲ တစ်ရပ် ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ကျင်းပ ခဲ့အပြီး အခုလို ရဲတပ်ဖွဲ့ဝင်တွေ အပစ်ခတ် ခံခဲ့ရတာ ဖြစ်ပါတယ်။

အမေရိကန် ပြည်သူတွေ အနေနဲ့ အားကိုးရာ မဲ့မှု၊ ကြောက်ရွံ့ ခြောက်ခြားမှု တွေ ခံစား နေရာမှာ ဖြစ် ပေမယ့် အကြမ်းဖက် အပြုအမူကို ဖြေရှင်းတဲ့ နည်းလမ်း တစ်ခု အနေနဲ့ လက်သင့် မခံကြနဲ့ ဆိုပြီး အမေရိကန် ရှေ့နေချုပ် လော်ရက်တာ လင့်ချ်ကလည်း တိုက်တွန်း ခဲ့ပါတယ်။

ဒါးလပ်စ် ပစ်ခတ်မှုမှာ အဓိက လက်သည် အဖြစ် သံသယ ရှိရသူ နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ လည်း စတင် ထွက်ပေါ် လာနေပြီ ဖြစ်ပါတယ်။

အသက် ၂၅ နှစ် အရွယ် မိုက်ကာ ဂျွန်ဆင် ဆိုသူက ပစ်ခတ် ခဲ့တာ ဖြစ်ပြီး၊ အဲဒီ့သူဟာ အမေရိကန် စစ်တပ်ရဲ့ အရံတပ်ရင်း အဖွဲ့ဝင် တစ်ဦး ဖြစ်ခဲ့ဖူးပြီး၊ အာဖဂန်နစ္စတန် နိုင်ငံမှာ အမေရိကန် တပ်နဲ့ အတူ တာဝန် ထမ်းခဲ့သူ တစ်ဦး ဖြစ်တယ်လို့ ဒေသတွင်း မီဒီယာတွေ မှာ ဖော်ပြ ထားပါတယ်။

သူ့ကို ရဲတပ်ဖွဲ့ဝင်တွေ ဝိုင်းထားပြီး ညှိနှိုင်းမှု တွေ ပြုလုပ် နေတုန်းက ရဲတွေရဲ့ လက်ချက်နဲ့ လူမည်းတွေ သေဆုံး နေရတာကို မကျေနပ်တဲ့ အတွက် လူဖြူတွေ အထူးသဖြင့် လူဖြူ ရဲ တွေကို သတ်ချင်တယ် ဆိုပြီး ပြောခဲ့တယ်လို့ ဒါးလပ်စ် ရဲ တပ်ဖွဲ့ အကြီးအကဲ က ပြောပါတယ်။

သူ့ကို ဝိုင်းထားပြီး နောက်ဆုံးမှာတော့ ရဲက ဗုံးခွဲ လိုက်တဲ့ အတွက် သေဆုံး သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ