အမေရိကန် ပြည်သူတွေကြား သွေးကွဲ မနေဘူးလို့ အိုဘားမား ပြော

  • 9 ဇူလိုင် 2016
_obama
Image caption အမေရိကန် ဟာ စည်းလုံး ညီညွတ်ဆဲ ဖြစ်တယ် လို့လည်း သမ္မတ အိုဘားမား ပြော။

တက္ကဆက်ပြည်နယ် ဒါးလပ်စ် မြို့မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရဲ အမှုထမ်း ၅ ဦး သေဆုံးခဲ့ရတဲ့ သေနတ် ပစ်ခတ်မှု ပေါ်ပေါက် ခဲ့အပြီး၊ အမေရိကန် လူမှု အသိုင်းအဝိုင်း ထဲ သွေးကွဲမှု တွေ ကြီးကြီးမားမား ဖြစ်ပေါ် နေပြီ ဆိုတဲ့ ဝေဖန် သံတွေကို သမ္မတ အိုဘားမားက ပယ်ချ လိုက်ပါတယ်။

ဝါဆော မြို့တော် မှာ ပြုလုပ်နေတဲ့ နေးတိုး စစ်ရေး မဟာမိတ် အဖွဲ့ရဲ့ ထိပ်သီး အစည်းအဝေးမှာ တက်ရောက် နေတဲ့ သမ္မတ အိုဘားမားက တချို့တွေ ထင်မြင် ယူဆ နေသလို အမေရိကန် နိုင်ငံထဲ သွေးကွဲ မနေဘူး လို့ ပြော ခဲ့ပါတယ်။

ဝမ်းနည်းမှုတွေ၊ အမျက် ဒေါသတွေ ရှိခဲ့ပေမယ့် အမေရိကန် ဟာ စည်းလုံး ညီညွတ်ဆဲ ဖြစ်တယ် လို့လည်း သမ္မတ အိုဘားမားက ဆိုပါတယ်။

ဒါးလပ်စ် ပစ်ခတ်မှုကို ကျူးလွန် ခဲ့သူဟာ စိတ်မူ မမှန်သူ တစ်ဦးသာ ဖြစ်ပြီး၊ အာဖရိကန် အမေရိကန် အသိုင်းအဝိုင်းကို ကိုယ်စား ပြုသူ မဟုတ်ဘူးလို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

ဒါးလပ်စ် ပစ်ခတ်မှု နဲ့ သီတင်းတစ်ပတ် ထဲမှာ ပဲ လူဝီဆီယားနား နဲ့ မင်နီဆိုးတာ ပြည်နယ် တွေမှာ ပေါ် ပေါက်ခဲ့တဲ့ လူမည်း နှစ်ဦးကို ရဲ က အသေ ပစ်သတ် ခဲ့မှု တွေ မှာလည်း အသား အရောင် မရွေး၊ လာတဲ့ နောက်ခံ မရွေး အမေရိကန် အားလုံး ဝမ်းနည်း တုန်လှုပ် ခဲ့ရတာ ဖြစ်တယ် လို့ သမ္မတ အိုဘားမား က ပြောပါတယ်။

လူမည်း တွေ ကို ဆိုရင် ရဲဘက်က အလွန်အကျွံ ပြုမူတယ် ဆိုပြီး အမေရိကန် ပြည်ထောင်စု တဝှမ်းက မြို့ကြီး တွေမှာ ဆန္ဒပြပွဲ တွေ ပေါ် ပေါက် လာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ