ဗြိတိသျှ ဝန်ကြီးချုပ်သစ် ထရီစာမေ နဲ့အနာဂတ်ဗြိတိန်

  • 11 ဇူလိုင် 2016
teresa_may ဓာတ်ပုံ မူပိုင် Getty
Image caption ဝန်ကြီးချုပ်သစ် ထရီစာမေ

ဗြိတိန် နိုင်ငံ ရဲ့ နိုင်ငံရေး စီးပွားရေး အခြေအနေဟာ ပြီးခဲ့တဲ့လ က ဥရောပသမဂ္ဂ အီးယူ မှ အဖွဲ့ဝင် အဖြစ် နှုတ်ထွက် ရေး ပြည်သူ့ဆန္ဒ မဲ အရ အသာစီးရပြီးတဲ့ နောက်မှာ ရိုက်ခတ် သက်ရောက်မှု တွေ ရှိခဲ့ပါတယ်။ ပထမဆုံး အနေနဲ့ အီးယူနဲ့ တွဲရေး ဦးဆောင် လှုံ့ဆော်ခဲ့ သူ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် ရာထူး က နှုတ်ထွက်မယ် လို့ ကြေညာ လိုက် ပါတယ်။ ထို့ အတူပဲ အတိုက်အခံ လေဘာ ပါတီ မှ ခေါင်းဆောင် ဂျယ်ရမီ ကိုဘင် လည်း သူ့ ပါတီဝင် တွေ က အယုံအကြည်မရှိ အဆိုတင်သွင်းကြယင်း နှုတ်ထွက်ဖို့ တွန်းအား ပေးနေကြပါတယ်။

အာဏာရ ကွန်ဆာဗေးတစ် ပါတီ အနေ နဲ့ ဝန်ကြီးချုပ် နှုတ်ထွက်မယ် ဆိုတာနဲ့ ပါတီ ခေါင်းဆောင်သစ် နဲ့ ဝန်ကြီးချုပ် အသစ် ကို ရွေးဖို့ ဖြစ်လာ ကြပါပြီ။ ပါတီတွင်း ထိပ်တန်း အရာရှိ ဝန်ကြီးတွေ ကို မဲပေး ရွေးကြတဲ့ အခါ မှာ ပြည်ထဲရေး ဝန်ကြီး ထရီစာမေ ကို အများစု က ထောက်ခံ ကြတဲ့ အတွက် သူ့ ကိုပဲ ရာထား လိုက်ကြပါပြီ။

အသက်၅၉ နှစ် ရှိ ထရီစာမေ ဟာ အောက်စဖို့ စိန့်ဟူးတက္ကသိုလ် ကျောင်းထွက်တဦး ဖြစ်ပြီး ၁၉၉၇ ခုနှစ် မှာ အင်္ဂလန် ဗဟိုဘဏ် အလုပ် ကထွက်ပါတယ်။ နောက်ပြီးတော့ မေဒင်ဟက်မြို့နယ် ရဲ့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာ တာပါ။ ၁၉၉၉ ခု နှစ် မှာတော့ အတိုက်အခံ ကွန်ဆာဗေးတစ် ပါတီ ရဲ့ ပညာရေး ဌာန တာဝန်ခံ ရာထူး ရခဲ့သူပါ။ နောက်ပိုင်းမှာ အလုပ်သမားနဲ့ ပင်စင် ဌာန တာဝန်ခံ ဖြစ်လာ ပါတယ်။

လေဘာ အစိုးရ လက်ကနေ ကွန်ဆာဗေးတစ် ပါတီ ညွန်ပေါင်း အစိုးရ ဖွဲ့လာ နိုင်ခဲ့ချိန် က စလို့ သူ့ရာထူး လည်း ပြည်ထဲရေး ၀န်ကြီး အဆင့် တိုးလာ ခဲ့ပါတယ်။ ပြည်ထဲရေး ဝန်ကြီးဆိုတာနဲ့ ရဲ အဖွဲ့ ကို ကြီးကြပ်ရသူ ပီပီ မှုခင်းကျဆင်းရေး၊ အစွန်းရောက် ဘာသာရေး ခေါင်းဆောင်တွေ အရေးယူရေး၊ အကြမ်းဖက်မှု တွေ ထိန်းချုပ်နိုင်ရေး စတာတွေ မှာ အမျိုးသမီး တဦးဝန်ကြီး တဦး အနေနဲ့ ပီပီပြင်ပြင် ကိုင်တွယ် နိုင်ခဲ့ လို့ အရည်အချင်း နဲ့ ပြည့်ဝသူ အဖြစ် အသိအမှတ်ပြုခံရပါတယ်။

လက်ရှိ ရက်ပိုင်းအတွင်း ဖြစ်ရပ်တွေ ဟာ မထင်မှတ်ပဲ မြန်ဆန် လာရ ခြင်းကလည်း ပြည်တွင်း နိုင်ငံရေး သက်သက် မဟုတ်တော့ပဲ အီးယူ မှ တရားဝင်နှုတ်ထွက်ရေး အစီအစဉ်တွေ ချမှတ်ဖို့ လိုလာပါပြီ။သက်တမ်း ၂ နှစ် အချိန် ရသေးတယ် ဆိုပေမဲ့ လုပ်စရာတွေ က အများကြီးပါ။

ဒါကြောင့်မို့ ထရီစာမေ ကလည်း မနေ့ က သူ့ပြိုင်ဘက် ပါတီ ခေါင်းဆောင် ယှဉ်ပြိုင်မဲ့ အယ်န်ဒရီယာ လက်ဒ်ဆမ် က နောက်ဆုတ်ပေးလိုက်တာနဲ့ သူ့အလှည့်မှာ နွဲ့လို့မရတော့ဘူး ဆိုတာ ကို သဘောပေါက်လိုက်ပါတယ်။

အဲဒီ အတွက် ထရီစာမေ က ဗြိတိန် က အီးယူကနေ နှုတ်ထွက် လိုက်ပြီဆိုတာနဲ့ ဒီကိစ္စ ပြတ်သွားပါပြီ။ ဒီအဆင့် ကနေ အောင်မြင်မှုတွေ ပြန်ရအောင် ကြိုးစား ရမယ့် အကြောင်း၊ ဒုတိယ အချက်ကတော့ နိုင်ငံ ကို ပြန်ပြီး စည်းလုံး ညီညွတ် အောင် လုပ် ပြီးရင် တတိယ အဆင့် ကတော့ အပေါင်းလက္ခဏာ ဆောင်တဲ့ ခိုင်မာတဲ့ အနာဂတ် ကို တည်ဆောက်ရေး ပါပဲလို့ ပြောပါတယ်။

ဝန်ကြီးချုပ် ကင်မရွန် ကလည်း သူဟာ စိတ်ဓါတ်ခိုင်မာတယ်။ သူ့ကိုယ်သူ ယုံကြည်မှု ရှိတယ်၊ ဒါကြောင့် ဗြိတိန် နိုင်ငံ ကို ဦးဆောင်နိုင်မဲ့ အရေအချင်း ဟာ လိုအပ်တာထက် ပိုပြီး ပြည့်စုံလို့ အားပေးထောက်ခံမှု လည်း အပြည့်အဝ ပေးမှာပါ လို့ ပြောပါတယ်။

မစ္စတာ ကင်မရွန်ဟာ မနက်ဖန် ဇူလိုင်လ ၁၃ ရက် ဗုဒ္ဓဟူး နေ့ ပါလီမန် အစည်းအဝေး ခေါ်ပြီးတာ နဲ့ ဘာကင်ဟမ် နန်းတော် ကို သွားပြီး ဝန်ကြီးချုပ် နှုတ်ထွက်လွှာ ကို အယ်လီဇဘက် ဘုရင်မကြီးဆီ တင်မှာပါ။ မစ္စတာ ကင်မရွန် ရဲ့ ဝန်ကြီးချုပ်တာဝန် တွေ ကို ဗြိတိန် နိုင်ငံ ရဲ့ ဒုတိယမြောက် အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာမယ့် ထရီစာမေ က လွှဲပြောင်းယူတော့မှာပါ။

ပင်ကိုယ်စရိုက်အရ အေးဆေးတည်ငြိမ်ဟန် ရှိပေမယ့် နိုင်ငံ့ဝန် ထမ်းဆောင်ရမှာတော့ အလေးအနက်ထား ပီပြင်အောင် ဆောင်ရွက်တတ်သူ အဖြစ် ကွန်ဆာဗေးတစ် ပါတီဝင် တွေ က အသိအမှတ် ပြုကြပါတယ်။