ကလင်တန်ကို ပြိုင်ဘက် ဘာနီဆန်းဒါးထောက်ခံ

  • 13 ဇူလိုင် 2016
sanders ဓာတ်ပုံ မူပိုင်
Image caption မဲဆွယ်ပွဲမှာ ပထမဆုံး တွဲထွက်လာတဲ့ ပြိုင်ဘက် ၂ ယောက်

ဒီမိုကရက်ပါတီ သမ္မတလောင်း အဖြစ် ဟီလာရီ ကလင်တန်ကို ပြိုင်ဘက်ဟောင်း ဘာနီဆန်းဒါးက ထောက်ခံမှု ပေးလိုက်ပါပြီ။

ဘာနီဆန်းဒါးဟာ ပုံမှန်အားဖြင့် သူ့ရဲ့ မဲဆွယ်ပွဲတွေမှာ လုပ်ခ လစာ မညီမျှမှု ၊ ဝေါစထရိလမ်းက လုပ်ငန်းရှင်ကြီးတွေရဲ့ ခြစားမှု ကိစ္စတွေကိုသာ ပြောလေ့ရှိပေမယ့် ဇူလိုင် ၁၂ ရက်နေ့ကတော့ မစ္စစ် ကလင်တန်ကို ထောက်ခံမယ် ဆိုတဲ့ အကြောင်းပဲ ပြောသွားခဲ့ပါတယ်။

သူတို့ ကိုယ်စားလှယ်မဲ ၁၉ဝဝ လောက် ရပေမယ့် သမ္မတလောင်း စာရင်းသွင်းခံရဖို့ မရသေးပါဘူး။ မစ္စစ် ကလင်တန်ကတော့ သူ့ထက် ပိုပြီး ကိုယ်စားလှယ်မဲ ၃၉ဝ လောက် ရတာမို့ ပိုသာပါတယ်လို့ မစ္စတာ ဆန်းဒါးက ပြောကြားခဲ့ပါတယ်။

သူပြောသမျှ စကားတိုင်းမှာ ဟီလာရီ သိတယ်၊ နားလည်တယ် ဆိုတာတွေနဲ့ ဖုံးနေတာပါ။

ဒါပေမဲ့လည်း မစ္စတာ ဆန်းဒါးက သူ့တော်လှန်ရေး စကားတွေကိုတော့ လျှော့မပြောပါဘူး။ ဒီမိုကရက်ပါတီ မူဝါဒကို လက်ဝဲဘက် ယိမ်းစေဖို့ သူဆက်ကြိုးစားသွားမယ် ၊ နောက်တက်လာမယ့် ဒီမိုကရက် အစိုးရ ဝန်ကြီးတွေမှာ သူ့မူတွေ ထင်ဟပ်စေရမယ်လို့ ဆိုပါတယ်။

ဒါဟာ မစ္စစ် ကလင်တန် အတွက် တရားဝင် အောင်မြင်မှုကို အသိအမှတ်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ နောက်ပြီး သူတို့ ၂ ယောက် ခုလို မဲဆွယ်ပွဲမှာ ပထမဆုံး တွဲထွက်ပြီး ထောက်ခံမှုပေး တဲ့အတွက် မစ္စစ် ကလင်တန်က မစ္စတာ ဆန်းဒါးကို ကျေးဇူးတင် ဂုဏ်ပြုခဲ့ပါတယ်။ ကွဲပြားမှုတွေကို ဘေးချပြီး လက်တွဲဆောင်ရွက်ဖို့ ကမ်းလှမ်းလာတဲ့ မစ္စတာ ဆန်းဒါးကို လစ်ဘရယ် တန်ဖိုးတွေကို ဖော်ဆောင်ပေးမယ့် သူရဲကောင်း တယောက်လို့ ကလင်တန်က ပြောပါတယ်။ သူတို့ ၂ ယောက် ပူးပေါင်းမှုကို တဘက် အုပ်စုက အမြဲ ဖြိုခွဲဖို့ ကြံနေမှာကို မဖြစ်အောင် တားဆီးကြမယ်၊ သူတို့ ပူးပေါင်း ဖန်တီးနိုင်မယ့် အမေရိကန် ပြည်သစ်အတွက် လက်တွဲ သွားကြမယ်လို့ ဟီလာရီ ကလင်တန်က ဆိုပါတယ်။

ဒါဟာ ရီပတ်ဘလစ်ကန်က ထရမ့်ကို အနိုင်ယူဖို့ ဒီမိုကရက် ၂ ဘက် အုပ်စုတွေ ပူးပေါင်းကြတာလည်း ဖြစ်ပါတယ်။

အော်ဟစ် ဆန္ဒပြ

ဒါပေမဲ့လည်း ဒီလို ပူးပေါင်းလို့ ဆန်းဒါးကို မကျေနပ်သူတွေလည်း ရှိကြပါတယ်။ သူကိုယ်တိုင် စင်ဒေါင့်ကနေ မကျေမနပ် အော်ဟစ်နေတဲ့ ဆန္ဒပြသူတယောက်ကို ငြိမ်ငြိမ်နေဖို့ ပြောခဲ့ရပါတယ်။

တကယ်တော့ မစ္စတာ ဆန်းဒါးဟာ ဒီ သမ္မတလောင်း စာရင်းသွင်းပွဲမှာ အများထင်တာထက် ပိုပြီး ယှဉ်ပြိုင်ချိန် ကြာမြင့်ခဲ့ပါတယ်။ နောက်ဆုံး သူမနိုင်မှန်း သေချာတော့မှပဲ သူ့ရဲ့ ပညာရေး၊ ကျန်းမာရေး ပြုပြင် ပြောင်းလဲရေး မူတွေနဲ့ အနိမ့်ဆုံး လစာ ကိစ္စတွေကို ထောက်ခံပေးဖို့ ဟီလာရီ ကလင်တန်ကို တောင်းဆိုခဲ့တာပါ။

သူတို့ ၂ ယောက်ကြား ဘယ်လို ကွဲပြား နေပေမယ့် သူတို့ ၂ ယောက်ကြောင့် ဒီမိုကရက် သမိုင်းမှာ အတိုးတက်ဆုံး နိုင်ငံရေး စင်မြင့်တခု ပေါ်ထွက်လာစေတယ်လို့ မစ္စတာ ဆန်းဒါးက ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ