ဘောရစ် ဂျွန်ဆင် မုသားပြောသူဟု ပြင်သစ် ဆို

ဓာတ်ပုံ မူပိုင် EPA
Image caption ပြင်သစ် အနေနဲ့ အလေးထား ယုံကြည်ရ လောက်တဲ့ ညှိနှိုင်းဖော် တစ်ဦးကို လိုအပ်တယ်လို့ မစ္စတာ Ayrault က ပြော

အသစ် ခန့်အပ်လိုက်တဲ့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဘောရစ် ဂျွန်ဆင်ဟာ မုသားတွေ ပြောခဲ့လို့ ချောင်ပိတ်မိနေသူ ဖြစ်တယ်လို့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးက ပြောလိုက်ပါတယ်။

မစ္စတာ ဂျွန်ဆင်ဟာ အီးယူကနေ ခွဲထွက်ဖို့ စည်းရုံးခဲ့စဉ်က ဗြိတိန် ပြည်သူတွေကို မုသား စကားတွေ ပြောပြီး စည်းရုံးခဲ့ကြောင်း၊ အခုတော့ အကျပ်ရိုက်နေပြီ ဖြစ်ကြောင်း ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Jean-Marc Ayrault က သတင်း ရေဒီယို တစ်ခုမှာ ပြောလိုက်တာပါ။

ပြင်သစ် အနေနဲ့ အလေးထား ယုံကြည်ရ လောက်တဲ့ ညှိနှိုင်းဖော် တစ်ဦးကို လိုအပ်တယ်လို့လည်း မစ္စတာ Ayrault က ပြောပါတယ်။

လန်ဒန် မြို့ဝန်ဟောင်း ဖြစ်တဲ့ မစ္စတာ ဂျွန်ဆင်ဟာ အီးယူကနေ ခွဲထွက်ရေး စည်းရုံးမှုတွေကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင် နေရာအတွက် ဝင်အရွေးခံဖို့လည်း အစောပိုင်းက ရည်မှန်းခဲ့ပါသေးတယ်။

သံတမန် မဆန်တဲ့၊ ထိုးနှက် တိုက်ခိုက်တဲ့ စကားတွေ ပြောခဲ့ဖူးတဲ့ မစ္စတာ ဂျွန်ဆင်ကို နိုင်ငံခြားရေး ဝန်ကြီး ခန့်လိုက်တာဟာ ကမ္ဘာအနှံ့က နိုင်ငံရေး သမားတွေ၊ သုံးသပ်သူတွေကို အံ့သြစေခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ