ဗြိတိန် အစိုးရသစ် ဝန်ကြီးတချို့အပေါ် တုံ့ပြန်ချက်

  • 14 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် Getty
Image caption ယူကေ စီးပွားရေး တည်ငြိမ်ဖို့ လိုအပ်တာ အကုန် လုပ်သွားမယ်လို့ ဖိလစ် ဟမ်မွန်ပြော

ဖိလစ် ဟမ်မွန်ကို ဗြိတိန် ဘဏ္ဍာရေး ဝန်ကြီး အဖြစ် ထရီစာ မေ ရွေးချယ် လိုက်တာဟာ ဗြိတိန်ရဲ့ အနာဂါတ် အကျိုးစီးပွားထက် ကွန်ဆာဗေးတစ် ပါတီတွင်း ကွဲလွဲမှုတွေ အပေါ် ပိုမို အာရုံစိုက်ရာ ရောက်တယ်လို့ ဥရောပ ပါလီမန် ဥက္ကဋ္ဌ Martin Schulz က ဝေဖန် ပြောဆိုပါတယ်။

ဖိလစ် ဟမ်မွန်ကတော့ ယူကေရဲ့ စီးပွားရေးကို တည်ငြိမ်စေဖို့ အတွက် လိုအပ်တာ မှန်သမျှကို လုပ်ဆောင် သွားမယ်လို့ ပြောပါတယ်။

ဒါပေမယ့် စီးပွားရေး တည်ငြိမ်ဖို့အတွက် သူ့အစိုးရ မထိန်းချုပ်နိုင်တဲ့ ကိစ္စတွေ အများအပြား ရှိပြီး စီးပွားရေး နယ်ပယ်က တုံ့ပြန်မှုတွေနဲ့ အီးယူနဲ့ အသစ် ညှိနှိုင်းမယ့် သဘောတူညီချက်တွေ အပေါ်မှာ မူတည်နေတယ် လို့လည်း မစ္စတာ ဟမ်မွန်က ပြောပါတယ်။

လန်ဒန် မြို့ဝန် ဘောရစ် ဂျွန်ဆင်ကို နိုင်ငံခြားရေး ဝန်ကြီး ခန့်အပ်လိုက်တဲ့ ထရီစာ မေရဲ့ ဆုံးဖြတ်ချက်ကိုလည်း နိုင်ငံတကာက တုံ့ပြန်ချက် အမျိုးမျိုး ပေးကြပါတယ်။

သြစတြေးလျ၊ ဒိန်းမိတ်နဲ့ လတ်ဗီးယား နိုင်ငံခြားရေး ဝန်ကြီးတွေက မစ္စတာ ဂျွန်ဆင်ကို ကြိုဆိုတဲ့ စကားတွေ ပြောကြပါတယ်။

ဒါပေမယ့် ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Jean-Marc Ayrault ကတော့ မစ္စတာ ဂျွန်ဆင်ဟာ အီးယူကနေ ခွဲထွက်ဖို့ စည်းရုံးရေး ဆင်းခဲ့စဉ်က မုသား စကားတွေ ပြောပြီး စည်းရုံး ခဲ့တဲ့အတွက် အခုတော့ ချောင်ပိတ် မိနေပြီလို့ ပြောပါတယ်။

မစ္စတာ ဂျွန်ဆင်ဟာ နိုင်ငံခြားရေး ဝန်ကြီး အလုပ်တာဝန်ကို ထိခိုက် စေနိုင်တဲ့ အငြင်းပွားဖွယ် စကားတွေကို အရင်က အတော်များများ ပြောခဲ့ဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ