ပြင်သစ် အမျိုးသားနေ့မှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်

  • 14 ဇူလိုင် 2016
nice
Image caption လူတွေ ကြောက်လန့်ပြီး ပြေးလာကြ

ပြင်သစ်နိုင်ငံ တောင်ပိုင်းက နိစ်မြို့မှာ အမျိုးသားနေ့ ကျင်းပနေတုန်း လော်ရီကားနဲ့ လူအုပ်ထဲ ဝင်တိုက်လို့ လူအများအပြား သေဆုံးတယ်လို့ သတင်းရပါတယ်။

ကလေးငယ်တွေ အပါအဝင် အနည်းဆုံး ၈၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်သံတွေ ကြားရပြီး လမ်းပေါ်မှာ လူတွေ တုန်လှုပ်နေကြတယ် လို့လည်း မျက်မြင်တွေက ဆိုပါတယ်။

အခင်းဖြစ်ပွားချိန်မှာ ရှိနေတဲ့ Colin Srivastava ပြောတာက

"နိစ် မြို့ဟောင်းထဲမှာ ထိုင်နေကြတုန်း လူတွေ ကြောက်လန့်ပြီး ပြေးလာကြ တာကို တွေ့ရပါတယ်။ လမ်းမှာ တွေ့တဲ့ ရဲတွေကလည်း သူတို့ကိုယ်တိုင် ထွက်ပြေးနေကြပြီး လူတွေကိုလည်း ပြေးခိုင်းလို့ ဆက်ပြေးခဲ့ရတယ်"

လို့ ဆိုပါတယ်။

နိစ်မြို့ခံတွေကို အိမ်ထဲမှာပဲ နေဖို့ အမိန့်ထုတ်ထားပါတယ်။ လော်ရီကားမောင်းသမား ကိုတော့ ရဲက ပစ်သတ်ခဲ့ပါတယ်။ အဲဒီလော်ရီကားပေါ်မှာ လက်နက်အများအပြား တွေ့ရှိကြောင်း မြို့တော်ဝန်က ပြောပါတယ်။

ပြင်သစ် သမ္မတ ဖရန်ဆွာ အောလန်း အရေးပေါ် အစည်းအဝေး လုပ်ဖို့ ပဲရစ်ကို ပြန်နေပါပြီ။ အခုအခါ အကြမ်းဖက်မှု တိုက်ဖျက်ရေး အဖွဲ့တွေက စုံစမ်း စစ်ဆေးမှုတွေ စလုပ်နေပြီဖြစ်ပါတယ်။ ဒီလိုပြင်သစ်ရဲ့စုံစမ်း စစ်ဆေးရာမှာ လိုအပ်တာ ကူညီမယ်လို့ အမေရိကန် သမ္မတ အိုဘားမားက ပြောပြီး တိုက်ခိုက်မှုကို အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။

မနှစ်က ပဲရစ် မြို့တော်မှာ အစ္စလာမ္မစ် စစ်သွေးကြွတွေ တိုက်ခိုက်ခဲ့ပြီးနောက် ပြင်သစ် တနိုင်ငံလုံး အရေးပေါ် အခြေအနေ ကြေညာ ထားတာအခု လကုန်မှာရုတ်သိမ်းဖို့ ကြေညာထားစဉ်အခုလို တိုက်ခိုက်မှု ဖြစ်ပွားတာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ